28/12/2025
ပါးစပ်နာအတွက် အိမ်တွင်းကုထုံးများ (Mouth Ulcer) 🤢
(English Version Below) 👇
ပါးစပ်နာ (Mouth Ulcer) ဆိုတာ ပါးစပ်အတွင်းပိုင်းမှာဖြစ်တဲ့ နာကျင်တဲ့ အနာလေးတွေ ဖြစ်ပါတယ်။ များသောအားဖြင့် ၁ ပတ်မှ ၂ ပတ် အတွင်း သူ့အလိုလို ပြန်ပျောက်ကင်းသွားတတ်ပါတယ်။
မကြာခင် ပြန်ပျောက်သွားတတ်ပေမယ့် ပါးစပ်နာဖြစ်နေချိန်မှာ အလွန်နာကျင်ပြီး နေရခက်တာ ဖြစ်ဖူးသူတိုင်းသိကြမှာပါ။ ဒါကြောင့် ဆောင်ရန် ရှောင်ရန်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
✅ ပြုလုပ်ရန် အချက်များ
• အမွေးအနုစား သွားတိုက်တံကို သုံးပါ: အနာကို ထပ်မံ မထိခိုက်စေရန် ဖြစ်ပါတယ်။
• ပိုက်ဖြင့် သောက်ပါ: အအေးသောက်တဲ့အခါ ပိုက်ကိုသုံးရင် အနာရှိတဲ့နေရာကို အရည်မထိဘဲ သက်သာစေပါတယ်။
• ဆားရည်ဖြင့် ပလုတ်ကျင်းပါ: ရေနွေးနွေးထဲ ဆားအနည်းငယ်ထည့်ပြီး ပလုတ်ကျင်းပေးခြင်းက ပိုးသတ်ရာရောက်ပါတယ်။
• ပျော့ပျောင်းသော အစားအစာများကို စားပါ: ဒိန်ချဉ်၊ ဟင်းသီးဟင်းရွက်ပြုတ် စတာတွေကို ရွေးချယ်စားသုံးပါ။
• မသက်သာရင် ဆရာဝန်နှင့် တိုင်ပင်ပါ: အနာသက်သာစေတဲ့ ဂျယ်လ် (gel) သို့မဟုတ် ပလုတ်ကျင်းဆေးရည်များကိုလည်း ဆေးဆိုင်တွင် ဝယ်ယူနိုင်ပါတယ်။
❌ ရှောင်ကြဉ်ရန် အချက်များ
• အစပ်နှင့် အချဉ်များကို ရှောင်ပါ: ငရုတ်သီး၊ အချဉ်ရည်နှင့် အသီးဖျော်ရည်များက အနာကို ပိုစပ်စေပါတယ်။
• မာသော အစားအစာများကို ရှောင်ပါ: ပေါင်မုန့်ကင် သို့မဟုတ် အာလူးကြော်ကဲ့သို့ အနာကို ပွတ်တိုက်မိစေမယ့် အရာများကို ရှောင်ပါ။
•ပူလွန်းသော သောက်စရာများကို ရှောင်ကြဉ်ပါ- ယင်းတို့က ရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
• သွားတိုက်ဆေးကို စစ်ဆေးပါ: SLS ဓာတ် ( sodium lauryl sulphate ) ပါသော သွားတိုက်ဆေးများက အချို့သူများတွင် အနာကို ပိုဆိုးစေတတ်ပါတယ်။
⚠️ ဆရာဝန်နှင့် ဘယ်အချိန်မှာ ပြရမလဲ
အောက်ပါအချက်တွေ ဖြစ်လာရင်တော့ ဆရာဝန် ဒါမှမဟုတ် သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
၁။ အနာက ၃ ပတ်ထက်ကျော်ပြီး မပျောက်ရင်။
၂။ ခဏခဏ ပြန်ဖြစ်နေရင်။
၃။ အနာက ပုံမှန်ထက် ပိုကြီးလာတာ၊ သွေးထွက်တာ ဒါမှမဟုတ် အရမ်းနီရဲလာရင်။
၄။ ဖျားနာတာ ဒါမှမဟုတ် တခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေမှာပါ အနာပေါက်လာရင်။
အားလုံးပဲ ကျန်းမာကြပါစေ။
ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ ✅️
Dr. Beast 👄
Disclaimer : ဓါတ်ပုံသည် အေအိုင်မှ စိတ်ကူးယဥ်ဖန်တီးထားသော ပုံ ဖြစ်ပါတယ်။ ဒီ စာစုသည် သင့်ရဲ့ ဆရာဝန် ညွှန်ကြားချက်များကို အစားထိုးရန်မဟုတ်ပါ။ ကျန်းမာရေး ဗဟုသုတများသာ ဖြစ်ပါတယ်။ သင့်ကျန်းမာရေး/ အခြေအနေများနဲ့ ကွဲလွဲချက်များရှိပါက/ လိုက်လံလုပ်ဆောင်ရန်သင့်မသင့်ကို သင့်ရဲ့ ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။
Credit .Dr. Beast