22/08/2023
ဒီနေ့ ခွေးရူးပြန်ရောဂါနဲ့ဆုံးသွားတဲ့ကလေးမလေး video ကိုတွေ့လိုက်လို့ ပြန် share ပေးတာပါ ..
ခွေးရူးပြန် ကာကွယ်ဆေး ထိုးရမှာလား ?????
# # # # # # # # # # # # #
"အိမ်က မွေးထားတဲ့ ခွေးလေးပါ။ ဒီနေ့မှ ဘာစိတ်ကူးပေါက်တယ် မသိ။ ကျွန်မသားလေးကို လှမ်းဟပ်လိုက်တယ်။ ခြစ်ရုံပဲ ခြစ်မိသွားတာဆိုတော့ ဆေးထိုးဖို့ မလိုလောက်ပါဘူးနော် ဆရာ။"
"ဘေးအိမ်က ထမင်းကျွေးထားတဲ့ ခွေး။ ကျွန်မ ဈေးသွားတာကို လိုက်ကိုက်တာ။ ဘေးအိမ်ကတော့ သူတို့ခွေးက မရူးပါဘူးလို့တော့ အာမခံနေတော့ ဆေးထိုးဖို့ လိုမလား ဆရာ။"
"လမ်းပေါ်က ခွေး၊ သားပေါက်နေတာ ဆရာရေ။ ဒီနေ့ပဲ သားဇောနဲ့ လူတွေ လိုက်ကိုက်နေလို့ ဝိုင်းသတ်လိုက်ကြရတယ်။ ခွေးကတော့ သေပြီ။ ကျွန်တော့်လည်း ကိုက်သွားတော့ ဆေးထိုးဖို့ လိုမလို လာပြတာပါ။"
" ကျွန်မက အရမ်းအသန့်ကြိုက်တာ၊ ဘေးအိမ်က ခွေးက ခြေဖမိုးကို လျှာနဲ့ လာလျက်သွားတယ်။ အဲ့ဒါ ဆေးထိုးဖို့ လိုသလား ဆရာ။"
စသဖြင့်ပေါ့နော်....
ဇာတ်လမ်းအမျိုးမျိုး ၊ ခွေးအမျိုးမျိုး ၊ ဒဏ်ရာအမျိုးမျိုး နဲ့ ဆေးရုံတွေကို လာကြတယ်။
အားလုံးသိချင်ကြတာက
" ခွေးရူးပြန်ကာကွယ်ဆေး ထိုးရမှာလား ??????"
# # # # # # # # # # # # # # # #
ဟုတ်ပြီ။
ကာကွယ်ဆေး ထိုး မထိုး မပြောခင်
ခွေးကိုက်ဒဏ်ရာကို အဆင့်ခွဲကြည့်ရမယ်။
WHO category
အဆင့် ၁ ။ ။
ခွေးကို လက်နှင့်ကိုင်ခြင်း ၊ အစာကျွေးခြင်း ၊ အနာမရှိသည့် အရေပြားပေါ်ကို ခွေးက လျက်သွားခြင်း။
အဆင့် ၂။ ။
ခြစ်မိသွားခြင်း ၊ အရေပြားပဲ့သွားခြင်း။ သို့သော် သွေးမထွက်။
အဆင့် ၃။ ။
အရေပြားပေါက်ထွက် ( သွေးထွက် ) သည်အထိ ကိုက်မိခြင်း ၊ အနာရှိသည့် အရေပြားပေါ်ကို လျက်မိသွားခြင်း ၊ ပါးစပ် ၊ မျက်စိ စသည့် အရေပြားနု ဖုံးအုပ်ထားသည့် နေရာများအား လျက်မိသွားခြင်း၊ လင်းနို့ကဲ့သို့ ကူးစက်နိုင်ခြေမြင့်မားသည့် သတ္တဝါများနှင့် ထိတွေ့မိခဲ့ခြင်း။
အထက်မှာ ရေးခဲ့တာတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ပေးထားသည့် ခွေးကိုက်ဒဏ်ရာ အဆင့်သတ်မှတ်ချက်တွေဖြစ်ပါတယ်။
# # # # # # # # # # # # # # #
ဘယ်ဆေးကို ဘယ်လိုထိုး ?????
အဆင့် ၁ အဆင့်ရှိ ဒဏ်ရာတွေက ကာကွယ်ဆေးထိုးဖို့ မလိုပါဘူး။
အဆင့် ၂ ၊ ၃ တွေက ကာကွယ်ဆေးထိုးဖို့ လိုပါတယ်။
အဆင့် ၃ ဆိုရင် ပုံမှန် vaccine အပြင် Immunoglobulin ဆိုတဲ့ ဆေးပါ ထိုးဖို့ လိုလာမှာဖြစ်ပါတယ်။
Vaccine ဆိုတာက အလွယ်ပြောရရင် ပိုးအသေကို ထိုးသွင်းလိုက်တာ။ အဲဒီပိုးကို ခန္ဓာကိုယ်က တုံ့ပြန်တဲ့ အနေနဲ့ ခုခံဖို့ immunoglobulin တွေ ထုတ်လာတယ်။ အဲ့ဒါကို ဆေးအောင်တယ်လို့ ခေါ်ကြတာ။ အခု ကိုဗစ်ဆေးထိုးပြီး ဖြစ်စေ ၊ ရောဂါဖြစ်ပြီးလို့ ဖြစ်စေ ပြန်စစ်ကြည့်ကြတာ Ab ဆိုတာလေ။ "Antibody စစ်ကြည့်ပြီးပြီလား? IgG ပေါ်နေတာတဲ့၊ IgM ပေါ်နေတာလေ" စသဖြင့် ကြားဖူးနေကြလောက်ပါပြီ။
Immunoglobulin ထိုးတာကျတော့ ဖြစ်နိုင်ချေများတဲ့ ဒဏ်ရာတွေမှာ အနာနားတဝိုက်ကို ထိုးပေးတာမျိုးပါ။ ဆိုလိုတာက အသင့်ပေါ်ပြီးသား Immunoglobulin ကို အနာနားမှာ ထိုးပေးခြင်းအားဖြင့် အနာမှာ ရှိနေနိုင်မယ့် ခွေးရူးပိုးတွေကို တိုက်ရိုက် ချေဖျက်လိုက်တဲ့ သဘောပါပဲ။
# # # # # # # # # # #
ဘယ်နေ့တွေမှာ ထိုးရမယ်ဆိုတာက
များသောအားဖြင့် ၀,၃,၇,၁၄,၂၈ ရက်တွေမှာ တစ်လုံးစီ ထိုးခြင်း၊ ( ၀ ဆိုတာက အကိုက်ခံရတဲ့နေ့ကို စတင်သတ်မှတ်တဲ့အနေနဲ့ ဆိုလိုတာ၊ အဲဒီကနေ သတ်မှတ်ရက်အတိုင်း ထိုးသွားရမှာ။ )
သို့မဟုတ်
ပထမဆုံးရက်မှာ ၂ လုံး ၊ ၇ ရက်မြောက်မှာ ၁ လုံး ၊ ၂၁ ရက်မြောက်မှာ တစ်လုံး ထိုးခြင်း ဆိုပြီး ထိုးလေ့ရှိကြတယ်။
Immunoglobulin ကတော့ တစ်ကြိမ်ပဲ ထိုးဖို့လိုပြီး စောစောထိုးလေ ကောင်းလေ ဖြစ်ပါတယ်။ အကိုက်ခံရတဲ့နေ့မှာ Immunoglobulin မထိုးဖြစ်ခဲ့ရင်လည်း Vaccine စထိုးပြီး တစ်ပတ်အတွင်း ထိုးလို့ရပါသေးတယ်။
Vaccination ကတော့ ဒီမှာ ကြွက်သားထဲကို ထိုးတာများပါတယ်။ အရေပြားထဲလည်း ထိုးလို့ရပါတယ်။ အရေပြားထဲကို ထိုးမယ်ဆိုရင်တော့ dose နဲ့ ထိုးရမယ့်နေရာတွေ မတူတော့ပါဘူး။ ဒါတော့ ဆရာဝန်တွေ သိတာမို့ မပြောပဲ ထားခဲ့ပါတော့မယ်။
# # # # # # # # # # #
ဆေးထိုးပြီးသား လူနာ ထပ်အကိုက်ခံရရင်ရော?
CDC ရဲ့ Guideline အရတော့ ဆေး dose အကုန်ထိုးပြီးသား လူတစ်ယောက်ကို ဆေးထိုးပြီး ၃ လအတွင်း ခွေးထပ်ကိုက်ခံရရင်တော့ ကာကွယ်ဆေး ထပ်ထိုးဖို့ မလိုအပ်ပါဘူးလို့ ရေးထားပါတယ်။ ၃ လကျော်မှ ထပ်အကိုက်ခံရရင်တော့ ဆေးထပ်ထိုးရမှာဖြစ်ပါတယ်။
WHO နဲ့ မြန်မာပြည် ကျန်းမာရေးဝန်ကြီးဌာန Guideline တွေအရတော့ ဘယ်အချိန် ထပ်ကိုက်ခံရခံရ Booster ထပ်ထိုးရမှာပါ။ ကျွန်တော်ကတော့ WHO နဲ့ မြန်မာပြည် Guideline အတိုင်းပဲ အားပေးပါတယ်။
ခွေးကိုက်မခံရခင် ကာကွယ်ဆေး ကြိုထိုးလို့ရလား။
ရပါတယ်။ Vaccine တစ်မျိုးတည်း ထိုးရမှာပါ။ ကြိုထိုးထားတဲ့ လူနာ ထပ်အကိုက်ခံရရင်လည်း Booster ထပ်ထိုးရမှာပါပဲ။
# # # # # # # # # # # # # # # # # # # # # # #
ကဲ
ဒီလောက်ဆိုရင်တော့ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိသင့်သလောက်တော့ သိသွားပြီထင်ပါတယ်။
ဂျက်ကီလည်း ဒယ်ဒယ်နဲ့ သွားဆော့လိုက်ဦးမယ်။
အာဝူးနော်။