23/05/2019
တုပ်ကွေး (Influenza) ရောဂါဟာ အလွန်ကူးစက်မြန်သော ရောဂါတစ်မျိုးဖြစ်ပြီး လူကြီး၊ လူငယ် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ တုပ်ကွေးရောဂါ ဟာ ရာသီမရွေးဖြစ်ပွားပြီး မိုးတွင်းကာလမှာ ပို၍ အဖြစ်များပါတယ်။ လူတစ်ယောက်မှတစ်ယောက် ကူးစက်ရာမှာ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အသုံးအဆောင်ပစ္စည်းများ ထိတွေ့ကိုင်တွယ်ခြင်းတို့မှတဆင့် ကူးစက်နိုင်ပါတယ်။
ကလေးငယ်လေးများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ နဲ့ တခြားရောဂါများ (ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ရောဂါများ) ရှိတဲ့သူတွေမှာ တုပ်ကွေးရောဂါဟာ ပြင်းထန်တဲ့ပုံစံနဲ့ ဖြစ်ပွားနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ တုပ်ကွေးရောဂါဟာ ကမ္ဘာ့ကပ်ရောဂါ (pandemics) အနေနဲ့လည်း ဖြစ်ပေါ်လာတတ်ပြီး လူပေါင်းများစွာ သေဆုံးရမှုတွေရှိခဲ့ဖူးပါတယ်။ ဒါဟာဘာဖြစ်လို့လဲဆိုတော့ ဝက်တွေ၊ ငှက်တွေမှာ ဖြစ်တဲ့ တုပ်ကွေးပိုး (virus) ဟာ မျိုးဗီဇ ပြောင်းပြီး လူ့ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်ခံအားစနစ် (immune system) မှာ ဒါကို ခုခံနိုင်တဲ့ ပဋိပစ္စည်း (antibody) မရှိလို့ပဲဖြစ်ပါတယ်။
သာမန်ရာသီတုပ်ကွေးတွေကိုတော့ လူ့ခန္ဓာကိုယ်က နိုင်နင်းတဲ့အတွက် ပြင်းထန်မှုမရှိပါဘူး။
ဒီဆောင်းပါးမှာတော့ ရာသီတုပ်ကွေး (seasonal flu) ၊ ဝက်တုပ်ကွေး (swine H1N1) နဲ့ ကြက်ငှက်တုပ်ကွေး (avian flu) ရောဂါတို့ရဲ့ လက္ခဏာများ၊ ကုသပုံများကို တင်ပြပေးသွားမှာဖြစ်ပါတယ်။ တုပ်ကွေးရောဂါကာကွယ်ပုံများ (တုပ်ကွေးကာကွယ်ဆေးထိုးခြင်း အပါအဝင်) ကိုတော့ သီးခြား ဆွေးနွေးတင်ပြပေးပါမယ်။
တုပ်ကွေး လက္ခဏာများ
ရာသီတုပ်ကွေး လက္ခဏာများဟာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားနိုင်ပေမယ့် အောက်ပါလက္ခဏာများတော့ ပါဝင်လေ့ရှိပါတယ်။
ကိုယ်ပူခြင်း (100ºF, or 37.8ºC ထက်ပိုခြင်း)၊
ခေါင်းကိုက်ခြင်း နှင့် ကိုယ်လက်များ ကိုက်ခဲခြင်း၊
မောပန်းနွမ်းနယ်နေခြင်း
တုပ်ကွေးကြောင့်ဖြစ်တဲ့ အဖျားဟာ နှစ်ရက်မှ ငါးရက်ခန့်အထိ ကြာမြင့်နိုင်ပါတယ်။ အခြား အသက်ရှူလမ်းကြောင်းရောဂါပိုးများ (upper respiratory viruses) များကတော့ တစ်ရက်နှစ်ရက် အကြာမှာ သက်သာသွားတတ်ပါတယ်။
လူအများစုကတော့ ကိုယ်ပူခြင်း နဲ့ ကိုယ်လက်ကိုက်ခဲခြင်း များသာရှိနိုင်ပေမယ့် အချို့မှာတော့ အအေးမိတဲ့ လက္ခဏာများကဲ့သို့ နှာစေးခြင်း၊ လည်ချောင်းနာခြင်း များလည်း ဖြစ်ပေါ်နိုင်ပါတယ်။ တုပ်ကွေးလက္ခဏာများဟာ နှစ်ရက်မှ ငါးရက်ခန့် အတွင်း သက်သာလာနိုင်သော်လည်း ရောဂါကတော့ တစ်ပါတ်ထက်ပိုမို ကြာမြင့်နေနိုင်ပါတယ်။ အားနည်းခြင်း၊ နုန်းချိခြင်းများလည်း ရက်သတ္တပတ် အနည်းငယ်အထိ ကျန်ရှိနေတတ်ပါတယ်။
ရောဂါပြင်းထန်လာမှုများ (complications)
အချို့မှာတော့ ရောဂါဟာ ပိုမိုပြင်းထန်သွားတတ်ပါတယ်။ ထိုအထဲမှာမှ အဆုတ်ရောင်ရောဂါ (pneumonia) ဟာအဖြစ်များဆုံးဖြစ်ပါတယ်။ အဆုတ်ရောင်ရောဂါဟာ အဆုတ်တွင်း ရောဂါပိုး ကူးစက်ဝင်ရောက်ခြင်းကြောင့် ဖြစ်ပြီး ပြင်းထန်လေ့ရှိပါတယ်။ အဖြစ်များလေ့ရှိသူများကတော့ ကလေးငယ်များ၊ အသက် ၆၅ နှစ်ကျော် လူကြီးများ၊ နာတာရှည်မကျန်းမာနေသူများ (ဥပမာ မသွားလာနိုင်သူများ)၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ နဲ့ အဆုတ်ရောဂါ အခံ ရှိသူများ ဖြစ်ကြပါတယ်။ ထို့ပြင် ကိုယ်ခံအားမကောင်းသူများ မှာလည်း ဖြစ်တတ်ပါတယ်။
ရောဂါသတ်မှတ်ခြင်း
တုပ်ကွေးရောဂါကို အများအားဖြင့် ရောဂါ လက္ခဏာပေါ် မူတည်၍သာ သတ်မှတ်ဆုံးဖြတ်ပါတယ်။ တချို့ အခြေအနေတွေမှာတော့ ဓါတ်ခွဲခန်းမှာ စမ်းသပ် အဖြေထုတ်မှုများ ပြုလုပ်ရပါတယ်။ (ဥပမာ လူထုအတွင်း ကပ်ရောဂါအသွင် ဖြစ်ပွားလာခြင်းများ၊ ရောဂါပိုမိုပြင်းထန်လာနိုင်ချေရှိသော လူနာများ)
ကုသခြင်း
တုပ်ကွေးရောဂါ အများစုဟာ တစ်ပါတ်မှ နှစ်ပါတ်ခန့် အတွင်း အလိုအလျောက် ပြန်လည်ကောင်းမွန် လာလေ့ရှိပါတယ်။ သို့ပေမယ့် တစ်ခါတစ်ရံမှာ ပြင်းထန်တဲ့နောက်ဆက်တွဲတွေ ဖြစ်ပေါ်လာလေ့ရှိပါတယ်။ အောက်ပါအကြောင်းအချက်များ ဖြစ်ပေါ်လာရင်တော့ ဆေးရုံဆေးခန်း ပြသရန် လိုအပ်ပါတယ်။
အသက်ရှုကြပ်ခြင်း၊ အသက်ရှူရ ခက်ခဲလာခြင်း။
ရင်ဘတ်၊ ရင်ခေါင်း တို့တွင် နာကျင်ခြင်း၊ ကြပ်လာခြင်း။
ရေဓါတ်ကုန်ခမ်းသည့် လက္ခဏာများဖြစ်သည့် မတ်တပ်ရပ်လျှင် ခေါင်းမူးခြင်း၊ ဆီးမသွားခြင်း။
စိတ်ရှုပ်ထွေးလာခြင်း။
အမြဲတစေ အော့အန်ခြင်း၊ အစာများ အရည်များ မဝင်ခြင်း။
ကလေးငယ်များတွင် အထက်ပါလက္ခဏာများအပြင် အောက်ပါ လက္ခဏာများ ပေါ်လာပါကလည်း ဆေးရုံ၊ ဆေးခန်းပြသပေးရန် လိုအပ်ပါတယ်။
အသားအရည် ပြာနှမ်းလာခြင်း။
ဂနာမငြိမ်ဖြစ်ခြင်း၊ ရုန်းကန်နေခြင်း။
တစ်နှစ်အောက် ကလေးငယ်များတွင် ငိုသော်လည်း မျက်ရည်မထွက်တော့ခြင်း။
ကိုယ်ပူပြီး ခန္ဓာကိုယ်တွင် အကွက်များထွက်လာခြင်း။
ရောဂါလက္ခဏာအလိုက် ကုသခြင်းဟာ ခံစားရတဲ့ ဝေဒနာများ သက်သာလျော့ပါးစေသော်လည်း မြန်မြန်ပျောက်ကင်းစေရန် မလုံလောက်သေးပါ။
တုပ်ကွေး ပျောက်ကင်းသည်အထိ ကောင်းစွာ အနားယူသင့်ပါတယ်။
အရည်များများသောက်ပေး ခြင်းဖြင့် ရေဓါတ်ခမ်းခြောက်မှုမဖြစ်အောင် ကာကွယ်ပါ။ ရေဓါတ်လုံလောက်မှု ရှိမရှိ သိရှိနိုင်စေရန် ဆီးအရောင်ကို ကြည့်ရှုပါ။ ဆီးအရောင်သည် အဝါဖျော့ဖျော့ သို့မဟုတ် အရောင်အဆင်းမရှိ ဖြစ်နေရပါမယ်။ ရေဓါတ်လုံလောက်ပါက သုံးနာရီ၊ ငါးနာရီ ကြာတိုင်း ဆီးတစ်ကြိမ် သွားပါတယ်။
ပါရာစီတမောလ် ဆေးပြား (Paracetamol, Biogesic) များ သောက်သုံးပေးခြင်းဖြင့် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းများကို သက်သာစေပါတယ်။
ချောင်းဆိုးပျောက်ဆေးများကို သာမန်အားဖြင့် လိုအပ်လေ့မရှိပါ။ ချောင်းဆိုးခြင်းဟာ အများအားဖြင့် မကုသပဲ အလိုလို ပျောက်ကင်းလေ့ ရှိပါတယ်။ နှာစေး၊ ချောင်းဆိုး ပျောက်ဆေးများကို ကလေးငယ်များကို ပေးလေ့မရှိပါ။
ဗိုင်းရပ်စ် ပိုးသတ်ဆေးများ (Antiviral medicines) ကို တုပ်ကွေးရောဂါကို ကာကွယ်ရာမှာနဲ့ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ တုပ်ကွေးရောဂါ ကုသရာမှာ ရောဂါလက္ခဏာကို ပျောက်ကင်းမသွားစေသော်လည်း တစ်ရက်ခန့်ပို၍ မြန်မြန်ပြန်လည် နလံထူစေနိုင်ပါတယ်။ တုပ်ကွေးရောဂါဖြစ်ပါက လူတိုင်းဒီဆေးကို မလိုအပ်ပါ။ သောက်သုံးရန်သင့်မသင့်ဆိုတာဟာ အချက်အများကြီးအပေါ် တည်မှီနေပါတယ်။ သင့်အနေနဲ့ ပြင်းထန်စွာ ခံစားနေရပြီး နောက်ဆက်တွဲဆိုးကျိုးများလည်း ဖြစ်ပေါ်လာနိုင်ရင်တော့ သောက်သုံးဖို့ လိုကောင်းလိုနိုင်ပါတယ်။
ပဋိဇီဝဆေးများ (Antibiotics) ဟာ တုပ်ကွေးရောဂါကဲ့သို ဗိုင်းရပ်စ်ပိုး (Virus) ကြောင့်ဖြစ်တဲ့ ရောဂါများကို ကုသရာမှာ အသုံးမဝင်ပါဘူး။ သို့ပေမယ့် တုပ်ကွေးမှတဆင့် ဆက်လက်ဖြစ်ပွားလာတတ်တဲ့ ဘက်တီးရီးယားကြောင့် အဆုတ်ရောင်ခြင်း (Bacterial pneumonia)၊ နားပိုးဝင်ခြင်း(Ear infection)၊ ထိပ်ကပ်နာဖြစ်ခြင်း (Sinusitis) များကိုတော့ ပဋိဇီဝဆေးများဖြင့် ကုသရန် လိုအပ်မှာဖြစ်ပါတယ်။ မလိုအပ်ဘဲ ပဋိဇီဝဆေးများ သောက်သုံးပါက ဘေးထွက်ဆိုးကျိုး ခံစားရခြင်းနဲ့ ဆေးယဉ်ပါးခြင်းများ ဖြစ်ပေါ်စေပါတယ်။
ဝက်တုပ်ကွေး (H1N1)
၂၀၀၉ ခုနှစ်က မက္ကဆီကို (Mexico) မှာ ဝက်တုပ်ကွေးပိုး၊ ငှက်တုပ်ကွေးပိုး နဲ့ လူတုပ်ကွေးပိုးတွေ ပေါင်းစပ်ပါဝင်တဲ့ H1N1 တုပ်ကွေးပိုးသစ်တစ်မျိုး လူမှာဖြစ်တာကို တွေ့ရှိခဲ့ပါတယ်။ ဒီလိုမျိုးတုပ်ကွေးမျိုးစိတ်သစ်တွေဟာ ပြင်းထန်ပြီး တစ်ခါတစ်ရံ ကမ္ဘာ့ကပ်ရောဂါအသွင် (Pandemic) အဖြစ် ဖြစ်ပွားတတ်ပါတယ်။
ကြက်ငှက်တုပ်ကွေး
ကြက်ငှက်တုပ်ကွေး (Avian influenza) ဟာ သာမန်အားဖြင့်တော့ ကြက်၊ ဘဲ၊ ငန်း စတဲ့ သတ္တဝါတွေမှာ ဖြစ်ပွားတတ်တဲ့ တုပ်ကွေး ဖြသ်ပါတယ်။
ကြက်ငှက်တုပ်ကွေး ဖြစ်စေတဲ့ ပိုးအမျိုးပေါင်းများစွာရှိပြီး၊ အဲ့ဒီအထဲမှာ H5N1 ဟာ အထင်ရှားဆုံးဖြစ်ပါတယ်။ H5N1 ကြောင့် အာရှဒေသမှာ အဖြစ်များပြီး လူသေဆုံးမှုတွေလဲ ရှိခဲ့ဖူးပါတယ်။ အခြားထင်ရှားတဲ့ပိုးကတော့ H7N9 ပါ။ ဒီပိုးတွေဟာ အများအားဖြင့် ငှက်အချင်းချင်းသာ ကူးစက်လေ့ရှိပြီး ငှက်မှလူသို့ ကူးစက်တာရှားပါတယ်။ လူအချင်းချင်း ဒီပိုးဝင်ပြီး ကူးစက်တာလည်း ရှားပါးပါတယ်။ ကြက်ငှက်တုပ်ကွေးဟာ သိပ်ပြီးပြင်းထန်လေ့မရှိပါဘူး။ လူတွေမှာ သဘာဝအားဖြင့် ဒီပိုးကိုနိုင်နင်းတဲ့ ကိုယ်ခံအားရှိပါတယ်။
http://www.healthformyanmar.byethost8.com/2016/11/30/influenza-symptoms-and-treatment/