13/03/2026
World Sleep Day
နှစ်စဉ် မတ်လ တတိယပတ် သောကြာနေ့တိုင်းကို “ World Sleep Day ” အဖြစ် သတ်မှတ်ကျင်းပလျက်ရှိရာ ယနေ့ မတ်လ 13 ရက်နေ့သည် “ World Sleep Day ” ဖြစ်ပါသည်။ ယခုနှစ် “ World Sleep Day ” ဆောင်ပုဒ်မှာ “ Sleep Well, Live Better ” “ ကောင်းစွာ အိပ်စက်ခြင်းဖြင့် ပိုမိုကောင်းမွန် ကျန်းမာသော ဘဝဆီသို့ ” ဟူ၍ ဖြစ်သည်။
အိပ်စက်ခြင်းသည် အစာအာဟာရနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်သကဲ့သို့ပင် ခန္ဓာကိုယ် ကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။ တနေ့တာ ၂၄ နာရီတွင် အိပ်စက်ခြင်းသည် ၃ ပုံ ၁ ပုံခန့် ပါဝင်နေပါသည်။ ထို့ကြောင့် လူကြီးတစ်ယောက်သည် တညလျှင် ၇-၉ နာရီခန့် ကောင်းစွာ အိပ်စက်သင့်ပါသည်။
သတိပြုသင့်သည့်မှာ ညစဉ် ကောင်းစွာ မအိပ်စက်နိုင်ပါက နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန်ခြင်း၊ လေဖြတ်ခြင်း၊ စိတ်ကျခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း အစရှိသည့် ကျန်းမာရေးဆိုးကျိုးများစွာကို ဖြစ်စေနိုင်သည်။ ကျန်းမာရေးနှင့် အညီ အိပ်စက်ရာတွင် ညဘက် စောစောအိပ်ခြင်း၊ အချိန်မှန် အိပ်စက်ခြင်းတို့ပြုလုပ်သင့်ပါသည်။
ညဘက် အိပ်ပျော်ရန် ခက်ခြင်း၊ ညဘက် မကြာခဏနိုးခြင်း စသည်တို့ ခံစားရပါက ရေရှည်တွင် ကျန်းမာရေး ထိခိုက်နိုင်သဖြင့် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။
ထို့ကြောင့် ညစဉ် အိပ်ချိန် ၇-၉ နာရီ ပြည့်အောင် အိပ်စေရန်
😴 ညအိပ်ခါနီးတွင် စိတ်ဖိစီး စိတ်ရှုပ်စေသော အရာများကို မတွေးခြင်း
😴 ဖုန်း၊ ကွန်ပြူတာ အသုံးမပြုခြင်း
😴 ကော်ဖီ၊ အရက်မသောက်ခြင်း
😴 ညအိပ်ရာဝင်ချိန်နှင့် မနက်အိပ်ရာထချိန်ကို ပုံမှန် သတ်မှတ်ထားခြင်း
😴 အိပ်ခန်းတွင်း အပူချိန်လျော့ထားခြင်း
😴 အလင်းရောင် မှိန်/ မှိတ်ထားခြင်း
😴 မိမိနှင့် အဆင်ပြေ သင့်တော်သော ခေါင်းအုံး၊ အိပ်ရာတို့နှင့် အိပ်ခြင်း အစရှိသဖြင့် ပြုလုပ်သင့်ပါသည်။
အချုပ်အားဖြင့် တညတာ ၇ - ၉ နာရီ ပြည့်မီအောင် အိပ်စက်ခြင်းဖြင့် ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။