23/04/2026
အရေပြားယားယံခြင်းအတွက်
ကလမင်းလိုးရှင်း (Calamine Lotion)
---၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊---
ကလမင်းလိုးရှင်း(Calamine Lotion)ကို အရွက်အပွင့်၊ အပင်စတာတွေနဲ့ ဓာတ်မတည့်လို့ဖြစ်တဲ့ အရေပြားယားယံရောင်ရမ်းခြင်း၊ အင်းဆက်ပိုးမွှား အကိုက်ခံရခြင်းကြောင့် အရေပြား ယားယံနာကျင်ခြင်း၊ နေလောင်ခြင်း၊ အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ ဝက်ခြံဖုရောင်ရမ်းခြင်းတွေ သက်သာစေဖို့ လိမ်းနိုင်ပါတယ်။ ချွေးထွက်များခြင်း၊ မိတ်ဖုထွက်ခြင်း စတာတွေကြောင့် အရေပြားယားယံနေရင်လည်း ခပ်ပါးပါးလိမ်းနိုင်ပါတယ်။ ကလမင်းလိုးရှင်းက အရေပြားကို အေးမြစေတဲ့ အာနိသင်လည်း ရှိပါတယ်။
-----------------------
ဘာတွေပါဝင်သလဲ
-----------------------
ကလမင်းလိုးရှင်းမှာ ဇင့်အောက်ဆိုက်နဲ့ ဖဲရစ်အောက်ဆိုက်ပါဝင်ပါတယ်။ ဆရာဝန်ဆေးညွှန်းမလိုဘဲ မိမိဘာသာ ဝယ်ယူသုံးလို့ ရတဲ့ (OTC) အိမ်သုံးဆေးစာရင်းထဲမှာ ပါဝင်ပါတယ်။ Calamine, Caldryl စသဖြင့်ခေါ်ကြပါတယ်။
-----------------------
ဘယ်လိုသုံးရသလဲ
-----------------------
အရေပြားမှာပဲ လိမ်းရပါမယ်။ ဆရာဝန်ညွှန်တဲ့ အတိုင်း ဒါမှမဟုတ် ဆေးဘူးပေါ်က အညွှန်းအတိုင်း လိုက်နာရုံပါပဲ။
အဆင့်(၁) အသုံးမပြုခင် ဆေးဘူးကို လှုပ်ပေးပါ။
အဆင့်(၂) ဆေးရည်ကို ဂွမ်းစနဲ့တို့ယူပြီး ယားယံတဲ့ အရေပြားပေါ် လိမ်းပေးပါ။
အဆင့် (၃) လက်တွေကို သေချာပြန်ဆေးပါ။
မျက်စိ၊ ပါးစပ်၊ နှာခေါင်းနဲ့ လိင်အင်္ဂါ/စအိုတဝိုက်ကို ဆေးမလိမ်းရပါဘူး။ အဲဒီနေရာတွေပေါ် ဆေးရည်ကျသွားရင် ရေများများနဲ့ ချက်ချင်းဆေးလိုက်ရပါမယ်။ ကလမင်းလိုးရှင်းလိမ်းရင်း ယားယံနာကျင်မှု ပိုဆိုးလာရင် ဒါမှမဟုတ် ၇ ရက်အတွင်း မသက်သာရင် ဆရာဝန်နဲ့ ပြပါ။
-------------
ဆေးညွှန်း
-------------
အရေပြားပေါ်မှာ တစ်နေ့ ၁-၃ ကြိမ် ခပ်ပါးပါး လိမ်းနိုင်ပါတယ်။
ယေဘုယျအားဖြင့် ကလေး အသက်နှစ်နှစ်အထက်ကစပြီး သုံးဖို့ စိတ်ချရပါတယ်။
-----------------------
ဘေးထွက်ဆိုးကျိုး
-----------------------
လူအများစုမှာ ကလမင်းလိုးရှင်းသုံးလို့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး မရှိတတ်ပါဘူး။ အရေပြား ခြောက်သွေ့တာလောက်ပဲ ဖြစ်တတ်ပါတယ်။ ဆေးနဲ့ ပြင်းပြင်းထန်ထန် ဓာတ်မတည့်တာကလည်း ရှားပါတယ်။ (ဒါပေမဲ့ အရေပြားနီမြန်းရောင်ရမ်းခြင်း၊ အသက်ရှူရခက်ခြင်း။ မူးဝေခြင်းတို့ခံစားရရင်တော့ ဆေးရုံ/ဆေးခန်းကို ချက်ချင်း သွားပြဖို့ လိုပါတယ်။)
--------------------------------------
ဘယ်သူတွေ မသုံးသင့်ဘူးလဲ
--------------------------------------
♦ ပါဝင်ပစ္စည်းနဲ့ ဓာတ်မတည့်မှုရှိသူများ
♦ အသက် ၆ လအောက် ကလေးငယ်များ
(တချို့အခြေအနေမှာတော့ ကလေးငယ်တွေမှာ ကလမင်းလိုးရှင်းသုံးလို့ရပါတယ်။ ဆရာဝန်နဲ့ အရင် တိုင်ပင်စေချင်ပါတယ်)
♦ ကိုယ်ဝန်ရှိရင် သုံးလို့ရတယ်ဆိုပေမယ့် မိမိပြနေကျ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးစွဲပါ။
--------------
သတိပြုရန်
--------------
ကလမင်းလိုးရှင်းကို မျိုချမိရင် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ဆေးဘူးဖွင့်ပြီးရင် သေချာပြန်ပိတ်ပြီး ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဝေးဝေးမှာ သိမ်းထားဖို့ အရေးကြီးပါတယ်။