24/03/2026
ဒေါက်တာမြင့်လွင် - စိတ်ပညာ
အော်တစ်ဇင်(Autism Spectrum Disorder) ဆိုတာဘာလဲ။
အော်တစ်ဇင်၊ အော်တစ်ဇင်နဲ့ ကြားဘူးကြပါလိမ့်
မယ်။ ဒီရောဂါဟာ ကလေးတွေမှာ ဖြစ်တတ်တာကို
လည်းသိကြပါလိမ့်မယ်။ အော်တစ်ဇင်ရောဂါအကြောင်းကောင်းစွာသိသူတွေရှိသလို တချို့
ကလည်း သိပ်မသိကြပါဘူး။
အော်တစ်ဇင်ရောဂါဆိုတာကို လွယ်လွယ်ရှင်းပြရ
ရင် ကလေးတစ်ယောက်ဟာ စကားပြောတဲ့အရွယ် ရောက်ပေမဲ့ အခြားသူများနဲ့ အပြန်အလှန်စကား
ပြောဆိုတုံ့လှယ်မှုမပြုနိုင်၊ အခြားသူများ ဘာခံစား
နေတယ်၊ ဘာတွေတွေးနေတယ်လို့ အခြားသူတွေရဲ့
အပြုအမူ အရိပ်အကဲကို မသိ၊ နားလည်ခြင်းလည်း
မရှိဖြစ်နေတယ်ဆိုရင် အဲဒီကလေးဟာ အော်တစ်
ဇင်ရောဂါဖြစ်နေတယ်လို့ဆိုနိုင်ပါတယ်။ အော်တစ်
ဇင်ကလေးတွေအတွက် အခြားသူတွေရဲ့ခြေဟန်
လက်ဟန်တွေ၊ မျက်နှာထားတွေ၊ စကားပြောလိုက် တာတွေကို ပြန်လည်တုံ့ပြန်ဖို့ခက်ပါလိမ့်မယ်။
ဒါပေမဲ့ ရောဂါသည်ကလေးတွေရဲ့ ဒီအာရုံသိမှု
ဆိုင်ရာချို့တဲ့ယိုယွင်းတဲ့လက္ခဏာတွေဟာ တစ်ဦး
နဲ့တစ်ဦး ဒီဂရီအနည်းအများ ပမာဏမတူညီပါဘူး။
လုပ်ငန်းတွေကောင်းစွာလုပ်နိုင်သေးတဲ့ အပျော့စားအော်တစ်ဇင်ကနေ မိမိကိုယ်တိုင်ဘာမှမလုပ်နိုင်
လောက်သည်အထိပြင်းထန်ခိုင်မာတဲ့ Classical Autism အမျိုးအစားအထိ အမျိုးမျိုးကွာခြားကျယ် ပြန့်နိုင်ပါတယ်။ ဒါကြောင့်ဒီရောဂါကို Autism Spectrum Disorder လို့ခေါ်တာပါ။
ရောဂါပြင်းထန်မှု အပျော့စားကနေ ပြင်းထန်ခိုင်မာတဲ့ Classical Autism အမျိုးအစားအထိ ဒီဂရီအမျိုးမျိုး ခွဲထားတဲ့အမျိုးအစားတွေကတော့
၁။ Asperger’s Syndrome
၂။ Pervasive Developmental Disorder
PDD-NOS
၃။ Childhood Disintegrative Disorder
၄။ Rhett’s Syndrome
၅။ Classical Autism စသဖြင့်ဖြစ်ပါတယ်။
အကယ်၍ သင့်ရဲ့ကလေးဟာ Autism များဖြစ်နေ
မလားလို့ သိချင်ပါက အောက်ပါ လက္ခဏာ အမျိုး
အစား ဒီဂရီများအလိုက် အကြမ်းဖျင်းတိုက်ဆိုင်
ကြည့်နိုင်ပါတယ်။ Autism Spectrum Disorder
အဖြစ် ရောဂါသတ်မှတ်ခံထားရတဲ့ကလေးအများ
စုဟာ
-အခြားသူတွေအတွက် ဘာမှမထူးခြားတဲ့ အမြင်၊
အကြား၊ အနံ့၊ ထိတွေ့မှု၊ စတဲ့အာရုံတွေကို ဆတ်
ဆတ်ထိမခံနိုင်ဘဲ သည်းမခံတတ်တာပဲ။ ဒါကို
Sensory Sensitive Autism လို့ရည်ညွှန်းပါတယ်။
-ခန္ဓာကိုယ်ကိုရှေ့နောက်၊ ဘယ်ညာ အထပ်ထပ်လှုပ
ရမ်းနေတာ။ မိမိမျက်စေ့ရှေ့မှာ လက်ချောင်းကို
ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ အထပ်ထပ်လုပ်နေ
တတ်တာ။
-သူအနီးပတ်ဝန်းကျင်က တချို့သော အရာဝတ္ထု
များကို အပြင်းအထန် တွယ်တာမှုပြတတ်တာ။
-နေ့စဉ်ပုံမှန်ကိစ္စလေးတွေမှာ ပြောင်းအလဲဖြစ်ရင်
စိတ်ရှုပ်ထွေးတတ်ပြီး နောက်ဆုံးမှ မနှစ်မြို့ရန်
လိုတတ်တာ။
-မိမိပတ်ဝန်းကျင်ကလူတွေ သို့မဟုတ် အရာဝတ္တု
တွေရဲ့ အသေးအမွှားအပြောင်းအလဲလေးတွေ
ကိုပင် စောင့်ကြည့်သတိပြုနေတတ်တာ။
အကယ်၍များ သင့်ကလေးမှာ အထက်က အော်
တစ်ဇင်လက္ခဏာတွေ တွေ့နေရတာဆိုရာ နားလည်
တတ်ကျွမ်းသူနဲ့ တိုင်ပင် အကြံဉာဏ်ယူဖို့လိုပါလိမ့်
မယ်။
အော်တစ်ဇင်နဲ့ပတ်သက်တဲ့ ဆေးပညာဆိုင်ရာ အဓိ
ပ္ပာယ်သတ်မှတ်ချက်ဟာ ပညာရပ်ဆန်လွန်းပါ
တယ်။ ဒါကြောင့် တချို့မိဘတွေဟာ အော်တစ်ဇင်
အကြောင်း ရိုးရိုးလွယ်လွယ်ရှင်းပြတတ်တဲ့ဆရာဝန်
တွေ ပညာရှင်တွေဆီသွားလိုကြပါတယ်။
ပညာရပ်ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်အရ”အော်တစ်
ဇင်ဆိုတာ ရှုပ်ထွေးတဲ့ အာရုံကြောအပြုအမူဆိုင်ရာ
ဖောက်ပြန်မှုရောဂါ( A complex neurobehavioral
Disorder)ပဲ။ ဒီရောဂါဟာ လူတွေနဲ့ဆက်ဆံနိုင်တဲ့
စွမ်းရည်၊ ဖွံ့ဖြိုးမှုဆိုင်ရာစွမ်းရည်၊ စကားပြောဆို
ဆက်သွယ်နိုင်တဲ့စွမ်းရည်တွေ ချို့ယွင်းမှုများပါရှိ
တဲ့အပြင် ခေါင်းမာတဲ့၊ အထပ်ထပ်ပြုမူတဲ့ အပြု
အမူတွေလည်း ပါရှိတဲ့ရောဂါဖြစ်တယ်။” အော်တစ်
ဇင်ရောဂါမှာ အဆိုပါစွမ်းရည်တွေ ကြီးမားကျယ်
ပြန့်စွာ ကွဲပြားမှု ချို့ယွင်းမှု အမျိုးမျိုးပါရှိသလို
ဒီချို့ယွင်းမှုတွေကြောင့် ကာယကံရှင်ဟာ မိမိ
ကိုယ်မိမိ စောင့်ရှောက်ရန် မစွမ်းဆောင်နိုင်တော့
ဘဲ သူ့ကိုအထူးစောင့်ရှောက်တဲ့ အဖွဲ့အစည်းများ
ကျောင်းများထံ ပို့ဆောင်ရသည့်အထိရှိတတ်ပါ
တယ်။
အော်တစ်ဇင်ရဲ့ နောက်ခံသမိုင်းအကျဉ်း
===========================
အော်တစ်ဇင်ဆိုတဲ့စကားရပ်ပေါ်ပေါက်လာတဲ့
နောက်ခံသမိုင်း အကျဉ်းလေးကိုနားလည်ရင်
မိဘတွေအတွက် အော်တစ်ဇင်ရောဂါအကြောင်း
နားလည်ဖို့ ပိုမိုအထောက်အကူရပါလိမ့်မယ်။
အော်တစ်ဇင်ဆိုတဲ့ စကားရပ်ဟာ ဂရိဘာသာ
စကား “Autos”ကနေ ဆင်းသက်လာတာပါ။
“Autos”ရဲ့အဓိပ္ပာယ်ကတော့ “Self(မိမိ)” ဆိုတဲ့
အဓိပ္ပာယ်ပါ။ အော်တစ်ဇင်ဆိုတဲ့ စကားရပ်ကို
သုံးစွဲလာကြတာ နှစ်ပေါင်း ၁၀၀လောက်ရှိပါပြီ။
Autism ဆိုတာ လူတစ်ယောက်ဟာ မိမိကိုယ်မိမိ
လူတွေနဲ့တုံ့လှယ်ဆက်ဆံမှုကနေ ဘေးဖယ်နေ
လိုက်တယ်၊ ဒါကြောင့်သူတစ်ယောက်တည်း သီး
ခြား ထီးတည်းဖြစ်သွားတယ်ဆိုတဲ့ အခြေအနေ
တစ်ခုဖြစ်ပါတယ်။
ဆွစ်လူမျိုးစိတ်ရောဂါအထူးကုဆရာဝန် ယူဂျင်း
ဘလူလား(Eugene Bluer) ဟာ အော်တစ်ဇင်ဆို
တဲ့စကားလိုးကို ၁၉၁၁ခုနှစ်မှာ စတင်သုံးစွဲခဲ့တာ
ပါ။ သူသုံးစွဲတုန်းကတော့ စိတ်ကစဉ့်ကလျားရော
ဂါ(Schizophrenia)ရဲ့ ရောဂါလက္ခဏာ အုပ်စုတစ်
ခုကိုရည်ညွှန်းရန် ရည်ရွယ်တာပါ။ ၁၉၄၀ဆယ်စု
နှစ်များတိုင်အောင် စိတ်ကစဉ့်ကလျားနဲ့အော်တစ်
ဇင်ရောဂါတို့ကို အတူတူသော ဘာသာရပ်ဆိုင်ရာ
အကြောင်းအရာကိစ္စရပ်အဖြစ် သုတေသနလုပ်
လေ့လာနေခဲ့ကြပါတယ်။ ၁၉၆၀ ဆယ်စုနှစ်များ
ရောက်တဲ့အခါမှာတော့ ဆေးပညာရှင်များဟာ
ကလေးများမှာဖြစ်တဲ့ အော်တစ်ဇင်ရောဂါကို သီး
ခြားဖော်ထုတ် နားလည်စပြုလာပါတယ်။
အော်တစ်ဇင်ရောဂါအတွက် အပြုအမူကုထုံး(BehaviorTherapy)ရဲ့အရေးပါပုံ၊ ထိန်းချုပ်
သင်ယူမှုပတ်ဝန်းကျင်ကို အသုံးပြုမှုရဲ့ အရေးပါပုံတိုကို ၁၉၉၀ ဆယ်စုနှစ်များမှာ သိရှိဖော်ထုတ်လာကြပါတယ်။
၁၉၆၀-၇၀ဆယ်စုနှစ်များက အသုံးပြခဲ့ကြတဲ့
Electroshock Therapy ကို နားထားလိုက်ကြပါ
တယ်။ ဒီနေ့ခေတ်သုတေသနနဲ့ကုထုံးများအတွက်
အခြေခံကတော့ အပြုအမူကုထုံး(Behavior therapy)နဲ့ စကားပြောသင်ပေးခြင်း ဘာသာစကားကုထုံး(Language Therapy) များပဲဖြစ်ပါတယ်။
အော်တစ်ဇင်ရောဂါနဲ့ မျိုးရိုးဗီဇရဲ့အခန်းကဏ္ဌ
===============================
အော်တစ်ဇင်ရောဂါဟာ မျိုးရိုးလိုက်/မလိုက်မိဘ
တွေက သိလိုပါတယ်။ မိသားစုထဲမှာ အော်တစ်ဇင်
ရောဂါမွေးချင်းရှိသူ တစ်ယောက်က သူ့မှာ အော်
တစ်ဇင်မျိုးရိုးပါနိုင်သလား။ ကျွန်တော် ကလေး
ယူရင် အော်တစ်ဇင်ကလေးလေးမွေးလာနိုင်သလား
ဆိုပြီး စိုးရိမ်ပါတယ်။ အော်တစ်ဇင်ရောဂါဟာ
မျိုးရိုးလိုက်နိုင်တယ်ဆိုပြီးတွေးဆကြပေမယ့်၊
ဘယ်ဗီဇအမျိုးအစားက သို့မဟုတ် ဘယ်ဗီဇအတွဲ
တွေက အော်တစ်ဇင်ဖြစ်စေတယ်လို့ တိတိကျကျ
ဖော်ထုတ်နိုင်တာတော့ မရှိသေးပါ။
လူကြီးများအတွက်တိုက်ဆိုင် စစ်ဆေးရန် အော်
တစ်ဇင်င်္အဂါရပ်လက္ခဏာစုစာရင်း
================================
၁။ လူတွေရှိနေတဲ့နေရာမှာ စိတ်သက်သာစွာနေဖို့
မနည်းကြိုးစားရုန်းကန်နေရလား။
၂။ အပြောင်းအလဲကိုမနှစ်မမြို့ဘဲ အပြောင်းအလဲ
ကြုံပါက စိတ်မသက်မသာဖြစ်ခြင်းဖြစ်တတ်သ
လား။
၃။ တစ်ခုခုကို အမြဲငေးကြောင်ကြောင်ကြည့်နေ
တတ်သူလို့ ပြောဆိုခံရလား။
၄။ မိမိအနီးအနားက လူတွေရဲ့ မျက်နှာရိပ် မျက်
နှာကဲကို အမြဲနားမလည်ဖြစ်နေတတ်သလား။
၅။ လူတွေက သင်စကားပြောရင် တိုးလွန်းတယ်
သို့မဟုတ် ကျယ်လွန်းတယ်လို့ အပြောခံရလား။
၆။ စာဖတ်ခက်တဲ့ရောဂါ သို့မဟုတ် အတက်ရောဂါ
ရှိသလား။
၇။ လူတွေရဲ့ အပြုအမူလုပ်ဆောင်မှုတွေကိုကြည့်
ပြီး သူတို့ရဲ့ အတွေးတွေကို ခန်းမှန်ကြည့်ရန်
ခက်သလား။
၈။ ဂနာမငြိမ် အလုပ်တွေရှုပ်နေတယ်လို့ခံစားရ
သလား။
၉။ လုပ်ရိုးလုပ်စဉ် ပုံမှန်အလုပ်တွေလုပ်နေရခြင်း
ကပဲ သင့်အတွက်လွယ်ကူတာတွေ့ရလား။
၁၀။ ဆူညံမှု၊ အလင်းရောင်၊ အနံ့စတဲ့ နောက်ခံ
တွေကြားက ဖြတ်ထွက်ရန် အခက်ကြုံရမှု
တွေရှိသလား။
အော်တစ်ဇင်ရှိ/မရှိ စိတ်ပညာရှင်၊ စိတ်ကျန်းမာရေး
ဆရာဝန်၊ ဦးနှောက်နဲ့အာရုံကြောအထူးကုတွေကပေးမယ့် စစ်ဆေးလွှာများစွာရှိပါတယ်။ ဖြစ်ရပ်
အများစုမှာ အထွေထွေအထူးကုသမားတော်က
အော်တစ်ဇင်စစ်ဆေးလွှာတွေကို ဖြေဆိုနိုင်ရန်
သက်ဆိုင်ရာပညာရှင်တွေထံ လွှဲပေးပါလိမ့်မယ်။
စစ်ဆေးမှုမှတ်တမ်းတွေကို သမားတော်ထံပြန်ပြ၊
လိုအပ်ပါက သမားတော်ကဘဲ အော်တစ်ဇင်အထူး
ကုဆီ လွှဲပေးနိုင်ပါတယ်။
Borderline Autism
=============
Borderline Autism ဆိုတာက ပြင်းထန်မှုမရှိသော
အော်တစ်ဇင်လက္ခာစုတို့ရှိနေတဲ့ လူနာရဲ့ဖြစ်ရပ်ကို
ခေါ်တာပါ။ Borderline Autism သို့မဟုတ် အပျော့
စားအော်တစ်ဇင်ရှိတယ်လို့ ရောဂါဖော်ခံထားရတဲ့
ကလေးငယ်တစ်ယောက်ဟာ အော်တစ်ဇင်လက္ခ
ဏာတွေရှိပေမဲ့ ဖြစ်တဲ့အကြိမ်ရေနဲ့ ပြင်းထန်မှုအရ
တော့ အပြင်းစားလူနာတွေနဲ့တူမှာမဟုတ်ပါ။ အဲဒီ
ကလေးမျိုးတွေဟာ အလိုက်သင့်ပြုနိုင်စွမ်းမရှိတာ၊
အပြောင်းအလဲအလွယ်တကူမလုပ်နိုင်တာ၊ လူတွေ
နဲ့မပေါင်းတတ်တာ၊ စကားပြောစွမ်းရည်နိမ့်ကျတာ၊
ဖွံ့ဖြိုးမှုနဲ့ အာရုံခံစားမှုဆိုင်ရာ ပြဿနာတွေရှိတာ
စတဲ့ ပြဿနာတွေ ရှိနိုငါပါတယ်။ တခြားသူတွေကို
စာနာမှုပြဖို့၊ မိမိစိတ်လှုပ်ရှားမှုကို ထိန်းချုပ်တတ်ဖို့
သူတို့အတွက် ခက်ခဲပါလိမ့်မယ်။ Autism Spectrum Disorder ရောဂါတွေထဲက ဘယ်ရော
ဂါကိုမဆို ရောဂါဖော်(Diagnosis)ရသကဲ့ပဲ Borderline autism ရောဂါကိုလည်း စစ်ဆေးမှု၊
စိစစ်မှု၊ ရှုမှတ်လေ့လာမှုအဆင့်ဆင့်လုပ်ရပါတယ်။
Echolalia
=======
Echolalia ဆိုတာကတော့ Borderline Autism အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Echolalia autism
ဟာ Borderline autism နဲ့ သဘာဝချင်းတူပေမဲ့
ခြားနားတဲ့ အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့
သူ့ရဲ့စကားပြောမှု(Speech)ပါ။ ကျွန်တော်တို့စကား
အသုံအနှုန်းတွေရဲ့ အသံနေထား အနိမ့်အမြင့်
အတက်အကျကို စည်းချက်ကျကျ လိုက်တုပြီး
သံယောင်ထပ် အခါခါ ပြောဆိုနေတတ်ပါတယ်။
ဒီအမျိုးအစား အော်တစ်ဇင်ကလေးတွေဟာ စကားစုတစ်စုဖြစ်စေ၊ ဝါကျတစ်ကြောင်းလုံးကိုဖြစ်စေ လိုက်တုပြောတတ်ပါတယ်။ ဒီဖြစ်ရပ်ကို “Gestalt”လို့ခေါ်ပါတယ်။ Gestalt ဆိုတဲ့စကားလုံးဟာ ဂျာမန်ဘာသာစကားဖြစ်ပြီး”တစ်ခုလုံး” ဆိုတဲ့
အဓိပ္ပာယ် ရပါတယ်။ ကြားတဲ့စကားလုံးတစ်ခုကို Gestalt နည်းနဲ့လိုက်သင်ယူခြင်းဟာကြက်တူရွေး
နှုတ်တိုက် သင်တာနဲ့တူပါတယ်။ ဒီလို
Echolalia autism ဟာ ကလေးနှစ်နှစ်ခွဲလောက်
မတ်တတ်ပြေးအရွယ်တွေမှာ စတင်တွေ့ရနိုင်တယ်။
ဒီလိုမျိုး Echolalia စကားတွေကိုပဲ သံယောင်လိုက်
ပြောနေရင်လည်း ဒီအမျိုးအစားအော်တစ်ဇင်က
လေးတွေဟာ အခြားလူတွေနဲ့ဆက်သွယ်ပြော
ဆိုတဲ့ အဆင့်တစ်ခုမှာ အီသွားပြီး သင်ယူမှု
အစီအစဉ်တစ် ပြောင်းဖို့လိုကောင်းလိုပါလိမ့်မယ်။
အော်တစ်ဇင်ရောဂါကို ပျောက်ကင်းအောင်ကုသ
နိုင်သလား။
=================================
အခုထိတော့ ကုသလို့မရနိုင်သေးဘူးလို့ဆိုပါတယ်။
ဒါပေမဲ့ ဘာသာစကားတွေ နားလည်ဖို့၊ ဘဝမှာ အရေးကြီးတဲ့အရာတွေကို နားလည်ဖို့၊ လူမှုဆက်ဆံရေးအပြုအမူတွေ ဖွံ့ဖြိုးဖို့၊ မိမိရဲ့ နေ့စဉ်ဘဝ ကိစ္စတွေကို မိမိဖာသာ ဖြေရှင်းနိုင်ဖို့ကူညီပေးတဲ့ကုထုံးတွေ ပေးရပါတယ်။ အသက် ၅ နှစ်အောက် အရွယ်တွေမှာ စတင်ပြီး လေ့ကျင့် သင်ကြားပေးတာက စောစောသင်ကြားလေ့ကျင့်ပေးတာက ကောင်းတယ်လို့ ဆိုကြပါတယ်။
အော်တစ်ဇင်ကို ကုသတဲ့အခါ-
-အပြုအမူဆိုင်ရာ ကုထုံး (မိမိလိုလားဖွယ်အပြု
အမူတွေရအောင် ပုံဖော်လေ့ကျင့်သင်ကြားပေးခြင်း)
-ပညာရေး ကုထုံး (စာနဲ့ထိတွေ့သင်ကြားခြင်း)
-စကားပြောသင်ကြားခြင်းကုထုံး( စကားပြောတတ် အောင်၊ ပြောစကားနားလည်အောင်သင် ကြားပေး
ခြင်း)
-အလုပ်ပေးကုထုံး (ဟန်ချက် ထိန်းနိုင်အောင်၊ စာရေးနိုင်အောင်စသည့်လုပ်ငန်းများ အလုပ်ခိုင်း
ခြင်း)
-လူမှုဆက်ဆံရေးကုထုံး (အခြားသူမျာနဲ့ပြောဆို
ဆက်ဆံတတ်အောင်လေ့ကျင့်ပေးခြင်း)
-ဆေးဝါးကုထုံး(အာရုံစူးစိုက်မှု၊ ဂဏှာမငြိမ်မှုနဲ့ အအိပ်အနေအခက်အခဲတွေများအတွက်ဆေးဝါးများ ပေး၍ကုသခြင်း)
လူ့အဖွဲ့အစည်းအစည်းအနေနဲ့လည်း အော်တစ်ဇင်
ကလေးတွေရဲ့ ခက်ခဲတဲ့ဘဝကို စာနာနားလည်ပြီး
ပံံပိုးကူညီမှုတွေ ပေးဖို့လည်းလိုပါလိမ့်မယ်။
ဒေါက်တာမြင့်လွင်(စိတ်ပညာ)
ကလေးစိတ်ပညာ စာအုပ်မှ ကောက်နှုတ်
ဖော်ပြသည်။
https://www.facebook.com/share/p/1C5wG5dTn5/