National Nutrition Centre, Ministry of Health, National Unity Government

  • Home
  • Malaysia
  • Kuah
  • National Nutrition Centre, Ministry of Health, National Unity Government

National Nutrition Centre, Ministry of Health, National Unity Government Nutrition Unit, Ministry of Health, National Unity Government, Myanmar

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် World Breastfeeding Week 2024(၂၀၂၄)ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့မှ (၇)ရက်နေ့“ကွက်လပ်...
02/08/2024

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်
World Breastfeeding Week 2024

(၂၀၂၄)ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့မှ (၇)ရက်နေ့

“ကွက်လပ်များကို ဖြည့်ဆည်းပေး၊ အားလုံးဝိုင်းလို့ ကူညီမနှေး မိခင်နို့တိုက်ကျွေးနိုင်ရေး”
“Closing the gaps: Breastfeeding support for all”

နှစ်စဉ်နှစ်တိုင်း ဩဂုတ်လ ပထမပတ်မှာ ကျင်းပမြဲဖြစ်တဲ့ “ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်” ကို ရောက်ရှိလို့ လာပြန်ပါပြီ။ ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “Closing the gaps: Breastfeeding support for all” ဖြစ်ပါတယ်။

🤱 မိခင်နို့တိုက်ကျွေးခြင်းဆိုတာ လူတစ်ဦးရဲ့ ဘဝ ကျန်းမာစွာစတင် ဖြစ်ပေါ်ဖို့ သဘာဝအကျဆုံး ဖြစ်ရပ်တစ်ခု၊ အရေးအကြီးဆုံး လိုအပ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။
🤱 နည်းမှန်လမ်းမှန်နဲ့သာ စနစ်တကျ မိခင်နို့တိုက်ကျွေးမယ်ဆိုရင် အချိန်ကာလအားဖြင့် ၂-နှစ်အထိ ကြာနိုင်တဲ့ ခရီးရှည်တစ်ခုဖြစ်ပါတယ်။
🤱 ဒီလို ခရီးအရှည်ကြီးကို နို့တိုက်ရတဲ့ မိခင်တွေကသာ တာဝန်ယူ လျှောက်လှမ်းရမယ်ဆိုရင် ဘယ်လို တရားမျှတနိုင်ပါ့မလဲ။
🤱 မိသားစုဝင်တွေနဲ့ အခြားသော စောင့်ရှောက်သူတွေအနေနဲ့ မိခင်နို့တိုက်ကျွေးခြင်းလုပ်ငန်းကို နို့တိုက်မိခင်နေရာမှာ အစားထိုး တာဝန်ယူပေးလို့ မရပေမယ့် ဒီ ၂-နှစ်တာ ခရီးလမ်းရှည်မှာ နို့တိုက်မိခင်တွေ ဝန်ပေါ့အောင်၊ သက်တောင့်သက်သာဖြစ်အောင်၊ သတ်မှတ်ထားတဲ့ စနစ်တကျ နို့တိုက်ကျွေးခြင်းကို သက်တမ်းပြည့်သည်အထိ အောင်မြင်စွာ တိုက်ကျွေးနိုင်အောင် အစစ အရာရာ ကူညီပံ့ပိုး ပေးနိုင်ပါတယ်။
🤱 နို့တိုက်မိခင်များရဲ့ ဝန်ကို ခင်ပွန်းသည်များ၊ မိသားစုဝင်များနဲ့ သူငယ်ချင်းများက မျှဝေထမ်းဆောင်ပေးရင် မေမေတို့ဟာ မိခင်နို့တိုက်ကျွေးရတာ ပို၍သက်တောင့်သက်သာဖြစ်ပြီး လွယ်ကူလာမယ်။
🤱 အများပြည်သူ အပန်းဖြေနေရာများ ဥပမာ- ကော်ဖီဆိုင်၊ ပန်းခြံ၊ အလုပ်လုပ်နေတဲ့ မေမေတို့အတွက် လုပ်ငန်းခွင်တွေက မိခင်နို့တိုက်ခြင်းကို ကြိုဆိုအသိအမှတ်ပြုပေးမယ်၊ မိခင်နို့တိုက်ဖို့ နေရာတွေ စီစဉ်ပေးမယ်ဆိုရင် မေမေတို့က အချိန်မရွေး၊ နေရာမရွေး မိမိရင်သွေးများကို စိတ်တိုင်းကျ မိခင်နို့ တိုက်ကျွေးလာနိုင်မယ်။
🤱 နို့တိုက်ကျွေးနေတဲ့ မေမေတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း အမြဲတစေ လက်လှမ်းမီဖို့ လိုအပ်တဲ့အတွက် နို့တိုက်မိခင်တွေကို ဦးစားပေးတဲ့၊ အထောက်အကူပြုနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေကိုလည်း အကောင်အထည် ဖော်သင့်ပါတယ်။
🤱 အချုပ်အားဖြင့် မိခင်နို့တိုက်ကျွေးခြင်းကို အောင်မြင်စေချင်ရင် မိခင်တို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို ရှေ့တန်းတင်တဲ့ အပြုအမူကောင်းများ ကျင့်သုံးခြင်း၊ နည်းဥပဒေများ ချမှတ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
🤱 ဒီလိုမျိုး အားလုံးပါဝင် ကူညီဆောင်ရွက်မှကြသာ မေမေတို့ဟာ အခြားသူတွေ အစားထိုးတာဝန်ယူပေးလို့ မရနိုင်တဲ့ မိခင်နို့တိုက်ကျွေးခြင်း တာဝန်ကို လစ်ဟာမှု မရှိအောင် ထမ်းဆောင်နိုင်မှာ ဖြစ်တယ်။
ဒါကြောင့် မိခင်နို့တိုက်ကျွေးခြင်းဆိုတဲ့ ၂-နှစ်တာခရီးလမ်းမှာ နို့တိုက်မိခင်များသာ လျှောက်လှမ်းနေရတာ မဟုတ်ကြောင်း၊ အားလုံးက တညီတညွတ်တည်း ပံ့ပိုးရန် အမြဲအဆင်သင့်ရှိကြောင်း မိခင်နို့ချိုတိုက်ကျွေးနေတဲ့ မေမေတို့ သိစေဖို့၊ မြင်ကြားစေဖို့၊ အားရှိစေဖို့ အချင်းချင်း သတင်းစကားများ မျှဝေလိုက်ကြစို့နော်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ



မေမေတို့ရေ … 🤱 မိခင်နို့တိုက်ကျွေးခြင်း အလေ့အကျင့်ဟာ နိုင်ငံအပေါ်၊ နေရပ်အပေါ်မူတည်ပြီး ကွဲပြားမှု မရှိပါဘူးနော်။🤱 ကမ္ဘာ့...
09/11/2023

မေမေတို့ရေ …

🤱 မိခင်နို့တိုက်ကျွေးခြင်း အလေ့အကျင့်ဟာ နိုင်ငံအပေါ်၊ နေရပ်အပေါ်မူတည်ပြီး ကွဲပြားမှု မရှိပါဘူးနော်။
🤱 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ အခြားသော နိုင်ငံတကာမှ ကျန်းမာရေးအဖွဲ့အစည်းများဟာ မွေးစမှ အသက် (၆) လအထိ ရင်သွေးငယ်များကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးဖို့ တညီတညွတ်တည်း တိုက်တွန်းထားကြတာပါ။

❤️‍🩹 ဘာကြောင့်လဲ?

ရင်သွေးငယ်လေး မိခင်ဝမ်းကနေ မွေးလာချိန်ကစလို့ အသက် (၆) လအထိ လိုအပ်တဲ့ အာဟာရဓာတ်၊ ရေဓာတ်တွေဟာ မိခင်နို့မှာ ရာနှုန်းပြည့် အပြည့်အဝ ပါပြီးသားမို့ပါ။ ဒါ့အပြင် မွေးပြီး ပထမ (၃) ရက်အတွင်း ထွက်တဲ့ နို့ဦးရည်မှာ ကလေးရဲ့ ခုခံအားကို ကောင်းမွန်စေတဲ့၊ ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးတဲ့ ပဋိဇီဝပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် မွေးမွေးချင်း မိခင်နို့ကို စောနိုင်သမျှ စောစောတိုက်ကျွေးခြင်း ခံရတဲ့ကလေး၊ မိခင်နို့ တစ်မျိုးတည်းကိုသာ အသက် (၆) လအထိ တိုက်ကျွေးခံရတဲ့ ကလေးတွေဟာ အခြားသော ကလေးတွေထက် ပိုမိုကျန်းမာပြီး ဉာဏ်ရည်ဖွံ့ဖြိုးကြတာဖြစ်တယ်လို့ သုတေသနများစွာက ဖော်ပြထားပါတယ်။

အသက် ၆-လမပြည့်သေးတဲ့ ကလေးငယ်လေးတွေရဲ့ အူလမ်းကြောင်းနဲ့ ကျောက်ကပ်တို့ဟာ ကောင်းစွာ ဖွံ့ဖြိုးကြီးထွားခြင်း မရှိသေးပါဘူး။ ရင်သွေးလေးရဲ့ နုနယ်သေးတဲ့ ကိုယ်တွင်းအင်္ဂါတွေကို မငဲ့ကွက်ဘဲ မေမေတို့က ပြင်ပမှ ရေနဲ့ အရည်တွေကို စိတ်တိုင်းကျ တိုက်ကျွေးလိုက်မယ်ဆိုရင် အဲဒီ ရေနဲ့ အရည်တွေမှာပါတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေဟာ ရင်သွေးငယ်လေးရဲ့ အူလမ်းကြောင်းကို ဒုက္ခပေးတဲ့အတွက် ဝမ်းပျက်ဝမ်လျှောရောဂါတွေ အလွယ်တကူ ဖြစ်ပွားစေပါတယ်။ မိခင်နို့ကတော့ အဲလို ရောဂါပိုးမွှားအန္တရာယ်တွေ ကင်းစင်တဲ့အပြင် ကလေးဆာတဲ့ အချိန်တိုင်း ပိုးသတ်စရာ မလို၊ ဆေးကြောစရာမလိုဘဲ အမြဲအဆင်သင့် တိုက်ကျွေးနိုင်မှာ ဖြစ်ပါတယ်။

မေမေတို့ရဲ့ နို့သီးခေါင်းမှာ ကပ်ငြိနေတဲ့ ပိုးမွှားတွေဟာ ကောင်းမွန်တဲ့ ပိုးမွှားတွေ ဖြစ်တဲ့အတွက် ရင်သွေးငယ်အတွက် အစာခြေဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဒါကြောင့် မိခင်နို့ မတိုက်ကျွေးမီ မေမေတို့ရဲ့ နို့သီးခေါင်းကို ဆေးကြောသန့်စင်စရာတောင် မလိုအပ်ပါဘူး။ ရေချိုးတဲ့အချိန်မှာပဲ နို့သီးခေါင်းကို ပုံမှန်သန့်ရှင်းရေးပြုလုပ်သွားရင် လုံလောက်ပါပြီ။

နောက်ပြီး အရည်ဓာတ်လွန်ကဲရင် နုနယ်သေးတဲ့ ရင်သွေးလေးရဲ့ ကျောက်ကပ်မှာ အရည်ဓာတ်ကို အလွယ်တကူ မစွန့်ထုတ်နိုင်ဘဲ ဒဏ်ပိနိုင်ပါတယ်။ မေမေတို့ တိုက်ကျွေးဖို့ ပြင်ဆင်တဲ့ ပြင်ပ အရည်တွေထဲမှာ ဟင်းခတ်မှုန့်၊ ဆားတို့သာ ပါဝင်မယ်ဆိုပါက ရင်သွေးလေးရဲ့ ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ ဒါဟာ ပြင်ပမှ အရည်တိုက်ကျွေးလို့ရတဲ့ အန္တရာယ်ပဲ ရှိပါသေးတယ်။

အကယ်၍ မေမေတို့က စေတနာပိုပြီး ရင်သွေးငယ်လေးကို အသက် (၆) လမပြည့်ခင် အခြားအစာတွေ အဖတ်တွေပါ စတင်ကျွေးလိုက်မယ်ဆိုရင်တော့ ရင်သွေးလေးရဲ့ နုနယ်တဲ့ အူလမ်းကြောင်းဟာ အူလှိုင်းလှုပ်ရှားမှု ကောင်းစွာ မလုပ်ဆောင်နိုင်တဲ့အတွက် ထိုအစာကို အူလမ်းကြောင်းတစ်လျှောက် သယ်ပို့ရန်၊ စွန့်ထုတ်ရန် အခက်အခဲ ရှိနိုင်ပြီး အူစွပ်ခြင်း၊ အူကျွံခြင်းများ ဖြစ်ပွားနိုင်ပါတယ်။

အခုလောက်ဆိုရင် မွေးစကနေ အသက် (၆) လအထိ ရင်သွေးငယ်များကို ဘာကြောင့် မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးဖို့ရာ လိုအပ်လဲ၊ အရေးကြီးသလဲဆိုတာ မေမေတို့ နားလည်သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

👉 ကလေးအသက် (၆) လအထိ သဘာဝအတိုင်းရတဲ့၊ သန့်ရှင်းလတ်ဆတ်တဲ့၊ ငွေကုန်ကြေးကျ လုံးဝမရှိတဲ့ မိခင်နို့တစ်မျိုးတည်းကိုပဲ တိုက်ကျွေးပြီး မိမိရင်သွေးလေး အာဟာရပြည့်ကျန်းမာအောင် ပျိုးထောင်မလား?
👉 မလိုအပ်ဘဲ ငွေကုန်ကြေးကျခံ အပြင်စာတွေ တိုက်ကျွေးပြီး ရင်သွေးငယ်လေးတွေကို အန္တရာယ်ဖြစ်စေမလား?

အဖြေက ရှင်းရှင်းလေးပဲ ဖြစ်ပါတယ်။

ဒါကြောင့်
✅ မွေးစကနေ အသက် (၆) လအထိ ရင်သွေးငယ်လေးတွေကို မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ပါ။
✅ မွေးပြီးပြီးချင်း စောနိုင်သမျှ စောစော မိခင် နို့ဦးရည်ကို တိုက်ပါ။
✅ မိခင်နို့ကို ကလေး ဆာတိုင်း တိုက်ပါ၊ ကြာကြာ တိုက်ပါ၊ ခဏခဏ တိုက်ပါ။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

References:

1. https://www. who. int/news/item/15-01-2011-exclusive-breastfeeding-for-six-months-best-for-babies-everywhere #:~:text=These%20advantages%20include%20a%20lower,allergic%20diseases%20have%20been%20demonstrated.
2. https://www. unicef. org/parenting/food-nutrition
3. https://www. cdc. gov/breastfeeding/data/facts.html #:~:text=The%20U.S.%20Dietary%20Guidelines%20for,for%201%20year%20or%20longer.
4. https://www. unicef. org/parenting/food-nutrition/feeding-your-baby-when-to-start-solid-foods
5. https://www. researchgate. net/publication/324108002_Pediatric_Ileocolic_Intussusception_Caused_by_Introducing_Solid_Food_Before_6_Months_Old_A_Case_Report
6. https://www. usatoday. com/story/news/factcheck/2023/03/01/fact-check-drinking-water-unsafe-babies-under-6-months-old/11375902002/

ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day 2023)16th October, 2023“Water is LIFE, water is FOOD. Leave NO ONE behind.”“ရေသည် ...
18/10/2023

ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day 2023)
16th October, 2023

“Water is LIFE, water is FOOD. Leave NO ONE behind.”
“ရေသည် ဘဝ၊ ရေသည် အစားအစာ၊ တစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေရ”

(၂၀၂၃) ခုနှစ်၊ World Food Day (ကမ္ဘာ့စားနပ်ရိက္ခာနေ့) အတွက် ဆောင်ပုဒ်ဟာ ရေနဲ့ အစာအရင်းအမြစ် ဆက်စပ်ပုံ၊ ရေရဲ့ အရေးပါပုံများကို လူထုအနေနဲ့ သဘောပေါက်နားလည် သတိပြုမိစေရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။

💧 ရေဟာ လူတို့ခန္ဓာကိုယ်ကို ဘယ်လိုအကျိုးပြုနေလဲ?

⚫ လူတို့နေထိုင်ရာ ကမ္ဘာကြီးကို ကမ္ဘာမြေကြီးလို့ ခေါ်လေ့ရှိကြပေမဲ့ ကမ္ဘာ့မျက်နှာပြင်ရဲ့ ၇၁% ဟာ ရေများနဲ့ ဖုံးလွှမ်းထားပါတယ်။ ထို့နည်းတူ လူ့ခန္ဓာကိုယ်ရဲ့ တစ်ဝက်ခန့် (၅၅-၆၀%) ဟာလည်း ရေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
⚫ ရေဓာတ်ဟာ လူတို့ နေ့စဉ်စားသုံးနေတဲ့ အစာအုပ်စုထဲမှာ မရှိမဖြစ် လိုအပ်တဲ့ အစာအာဟာရ တစ်ခုဖြစ်သလို ခန္ဓာကိုယ်ရဲ့ အစားအစာ စားသုံးခြင်း လုပ်ငန်းစဉ်များ ဖြစ်ကြတဲ့ အစာမျိုချခြင်းကစလို့ အစာချေဖျက်ခြင်း၊ အစာစုပ်ယူခြင်း၊ အစာမှတစ်ဆင့် စွမ်းအင်ထုတ်လုပ်ခြင်းများအလယ် မလိုအပ်သော အဆိပ်အတောက်များနဲ့ စွန့်ပစ်ပစ္စည်းတွေကို ဆီးနဲ့ ဝမ်းတို့ကတစ်ဆင့် စွန့်ပစ်ခြင်းအဆုံး များစွာအထောက်အကူပြုတဲ့ ဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။
⚫ ဒါတွေတင်မကဘဲ ‌ရေဟာ ခန္ဓာကိုယ်တွင်း ဆဲလ်များဖွဲ့စည်းမှုမှာ အခြေခံကျတဲ့ ဓာတ်ပစ္စည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ပြင်ပအပူချိန်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးတယ်။ အရိုးအဆစ်တွေ လှုပ်ရှားရတာ လွယ်ကူချောမွေ့စေတယ်။ ဉီးနှောက်၊ အာရုံကြောမကြီးနဲ့ ကိုယ်တွင်းအင်္ဂါများကို ကာကွယ်ပေးသလို၊ ကိုယ်ဝန်ဆောင်စဉ် မိခင် ဝမ်းတွင်းမှာ သန္ဒေသားကို ထိခိုက်မှု မရှိစေရန် အခုအခံ (Cushion) အနေနဲ့လည်း ကာကွယ်ပေးထားပါသေးတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ ဗီတာမင်စီ၊ နှလုံးကြွက်သားများ ဖွံ့ဖြိုးခြင်း၊ သွေးနီဥများ၊ ဆဲလ်များ တည်ဆောက်ခြင်းတို့အတွက် အရေးပါတဲ့ ဗီတာမင်ဘီအုပ်စု စတဲ့ ဗီတာမင်များ ပျော်ဝင်အောင် အထောက်အကူပေးတဲ့အပြင် ဆဲလ်တွေ အဓိက လိုအပ်တဲ့ အောက်စီဂျင်နဲ့ အာဟာရတွေကို ရေဓာတ်ကပဲ သယ်ယူပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

💧 ရေဟာ လူ့ပတ်ဝန်းကျင်ကို ဘယ်လိုအကျိုးပြုနေလဲ?

⚫ မြန်မာနိုင်ငံမှာဆိုရင် အဓိကအနေနဲ့ ရေအားကနေ လျှပ်စစ်စွမ်းအင် ထုတ်ယူပြီး တစ်နိုင်ငံလုံးကို လျှပ်စစ်မီးဖြန့်ဝေနေတာ ဖြစ်ပါတယ်။
⚫ ကျနော်တို့ စားသုံးနေတဲ့ အစားအစာတွေကို အဓိကထုတ်လုပ်ပေးတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေမှာ ပတ်ဝန်းကျင်ကို အေးမြအောင် လေကောင်းလေသန့်တွေ ထုတ်လုပ်ပေးတဲ့ အပင်ကြီးတွေ ရှင်သန်ဖို့ရာ၊ ရေသတ္တဝါတွေ အသက်ရှင်နေထိုင်ဖို့ရာ ရေဟာ မရှိမဖြစ် လိုအပ်ပါတယ်။
⚫ ကမ္ဘာတစ်ဝန်း အစားအစာတွေကို ကုန်သွယ်ရာမှာလည်း ရေလမ်းကြောင်းဟာ အသုံးများဆုံး ဖြစ်ပါတယ်။
⚫ ခန္ဓာကိုယ်မှာ ရောဂါပိုးများ မကပ်ငြိအောင် တစ်ကိုယ်ရေသန့်ရှင်းဖို့အတွက် ရေချိုးသန့်စင်ခြင်းနဲ့ အဝတ်လျှော်ဖွတ်ခြင်း၊ ကူးစက်ရောဂါများ မဝင်ရောက်နိုင်အောင် လက်ဆေးခြင်း၊ အိုးခွက်ပန်းကန်များ ဆေးကြောခြင်း စတဲ့ လုပ်ငန်းရပ်တွေမှာလည်း ရေဟာ အရေးပါဆုံးပဲ ဖြစ်တယ်။

############x

🤔 ဖတ်လာရင်းနဲ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့အကြောင်းဆိုပြီး ရေအကြောင်းတွေချည်းပါပဲလားလို့ တွေးနေမိပြီလား? 🤔

⚫ ဟုတ်ပါတယ်။ ခြုံငုံကြည့်လိုက်ရင် ရေဟာ အစာကွင်းဆက်ရဲ့ စလယ်ဆုံး အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေတဲ့အပြင် အစားအစာ ဘေးကင်းလုံခြုံရေးအတွက်လည်း အဓိကကျနေပြန်ပါတယ်။
⚫ ဒါကြောင့်လည်း ရေဟာ အစာအာဟာရ၊ ရေဟာ စွမ်းအင်၊ ရေဟာ ပြည့်စုံကြွယ်ဝမှုနဲ့ လူတိုင်းအတွက် မရှိမဖြစ်တဲ့ အရာတစ်ခု ဖြစ်နေပါတယ်။
⚫ "ရေအသက် တစ်မနက်" လို့တောင် ဆိုကြတယ်မဟုတ်လား? ရေရဲ့ ဩဇာဓာတ်ဟာ တစ်မနက်ခင်းလေးမှာတင် ကုန်ခမ်းလေ့ရှိပါတယ်။ လူ့ခန္ဓာကိုယ်မှာ ရေဓာတ် မခမ်းခြောက်သွားဖို့ အလွန်ပဲ အရေးကြီးတယ်။ လူတစ်ယောက် အသက်ရှင်ရပ်တည်ဖို့နဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ချောမွေ့စွာဆောင်ရွက်နိုင်ဖို့ ပုံမှန်လူတစ်ယောက်ဟာ ပျှမ်းမျှအနေနဲ့ တစ်နေ့ကို ရေ ၂ လီတာကနေ ၃ လီတာခန့် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

💧 ရေအရင်းအမြစ်ကို ထိန်းသိမ်းဖို့ ဘာကြောင့်အရေကြီးတာလဲ?

⚫ နောက်ထပ် သတိပြုရမှာက ကမ္ဘာ့ရေမျက်နှာပြင်ကို ဖုံးလွှမ်းထားတဲ့ ၇၁% ရှိတဲ့ ရေတွေထဲမှာ ကျွန်ုပ်တို့ သောက်သုံးဖို့ အသုံးပြုဖို့ သင့်တော်တဲ့ ရေကောင်းရေသန့်ဟာ ၂.၅% သာ ရှိပါတယ်။
⚫ ရေဟာ အခြားသဘာဝရင်းမြစ်တွေ နည်းတူ အမြဲမပြတ် ပေါများကြွယ်ဝနေမှာ မဟုတ်ပါဘူး။ လူသားတွေအနေနဲ့ စနစ်တကျ မထိန်းသိမ်းဘူးဆိုရင် ရေအရင်းမြစ် ခမ်းခြောက်ပြီး ရှားပါးလာမှာ ဖြစ်ပါတယ်။
⚫ လူဉီးရေ လျင်မြန်စွာ တိုးပွားလာခြင်း၊ မြို့ပြစနစ်သို့ ကူးပြောင်းလာခြင်း၊ စက်မှုစီးပွားရေးစနစ် ဖွံ့ဖြိုးလာခြင်းနဲ့ ရာသီဉတုပြောင်းလဲမှုများကြောင့် ကမ္ဘာကြီးပူနွေးလာခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် ရေကောင်းရေသန့် အရင်းအမြစ်ဟာ တစ်နေ့ထက်တစ်နေ့ နည်းပါးလာပါတယ်။
⚫ ရေကို မဆင်မခြင် သုံးစွဲဖြုန်းတီးခြင်း၊ မြေအောက်ရေများ အများအပြား ထုတ်ယူသုံးစွဲခြင်း၊ အမှိုက်နှင့် စက်ရုံစွန့်ပစ္စည်းများကို စနစ်တကျမစီမံဘဲ မြစ်ချောင်းများထဲသို့ အလွယ်တကူ စွန့်ပစ်ခြင်း စတဲ့ လူတို့ရဲ့ ဆင်ခြင်ဉာဏ်နည်းတဲ့ လုပ်ရပ်တွေကြောင့် ရေရရှိမှုနဲ့ ရေရဲ့ အရည်အသွေးတို့ဟာလည်း တဖြည်းဖြည်း ဆုတ်ယုတ်လာပါတယ်။
⚫ ယနေ့ခေတ်မှာဆိုရင် လူဦးရေ သန်းပေါင်း နှစ်ထောင်ကျော်ခန့် (2.4 billion) ဟာ ရေအရင်းအမြစ် ရှားပါးတဲ့ နိုင်ငံတွေမှာ နေထိုင်နေရပြီး လူတစ်ယောက်အတွက် ရေရရှိနိုင်မှုဟာလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကထက် ၂၀% ခန့် လျော့ကျလာပြီဖြစ်ကြောင်း ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ကြီးက သတိပေး ထုတ်ပြန်ထားပါတယ်။
⚫ ဒီရေရှားပါးမှုဒဏ်ကို တောင်သူလယ်သမားများ၊ တိုင်းရင်းသားဒေသမှ လူမျိုးစုများ၊ စစ်ဘေးရှောင် ပြည်သူများ (အထူးသဖြင့် အမျိုးသမီးများ) နဲ့ ခိုလုံခွင့် ခံယူကြသူများက ပိုမိုခံစားနေကြရပြီး နေ့စဉ်ရေလိုအပ်ချက်ကို လုံလောက်အောင်ရဖို့ ရုန်းကန်နေကြရပါတယ်။
⚫ ရေရှားပါးလာရုံသာမက ရေလိုအပ်ချက်ကလည်း တိုးမြင့်လာတဲ့အတွက် မိမိတို့ နေ့စဉ်လိုအပ်ချက်ရရှိအောင် လူအချင်းချင်း အချင်းများခြင်း၊ ခိုက်ရန်ပြုခြင်းတို့အထိ ဖြစ်ပွားလာကြပါတယ်။
⚫ လူတို့ရဲ့ မဆင်မခြင်လုပ်ရပ်များရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ ရေထုညစ်ညမ်းခြင်း၊ ဂေဟစနစ် ပျက်စီးခြင်းနှင့် ရာသီဉတု ပြောင်းလဲခြင်းဒဏ်တို့ကို ရေအရင်းအမြစ်၊ ငါး၊ ပုဇွန်နဲ့ ပင်လယ်စာများ၊ ရေညှိရေမှော် စတဲ့ ရေထွက်ပင်များ ပါဝင်တဲ့ ရေထွက်အစားအစာစနစ် (Aquatic food system) တို့အပေါ် သက်မွေးဝမ်းကြောင်းပြု မှီခိုနေရတဲ့ တံငါသည်များ၊ ပင်လယ်ပျော်များက အလူးအလဲ ခံစားနေကြရပြီ ဖြစ်ပါတယ်။

💧 ရေအရင်းအမြစ်ကို ဘယ်လို ထိန်းသိမ်းကြမလဲ?

⚫ ရေရှားပါးမှုဒဏ်တွေ လျော့ကျလာစေဖို့ ရေအသုံးပြုမှုနည်းပါးတဲ့ စိုက်ပျိုးရေးနည်းစနစ်တွေ ကျင့်သုံးဖို့၊
⚫ ရေလိုအပ်ချက်များပြားတဲ့ နေရာဒေသတွေကို လုံလောက်စွာ ဖြန့်ဝေပေးနိုင်ဖို့၊
⚫ မည်သူတစ်ဦးတစ်ယောက်မှ နောက်ကျမကျန်ခဲ့စေဘဲ လူတိုင်း သာတူညီမျှ ရေလုံလောက်စွာ ရရှိဖို့၊
⚫ ရေထွက်အစားအစာစနစ်ကို စနစ်တကျ ထိန်းသိမ်းကြဖို့၊
⚫ ရေအရင်းအမြစ်ကို ညစ်နွမ်းစေမဲ့ အပြုအမူတွေ၊ ရေကို စနစ်တကျအသုံးမပြုဘဲ ဖြုန်းတီးတဲ့ အပြုအမူတွေကို တစ်ဦးတိုင်း တစ်ယောက်တိုင်းက ပြုပြင် လိုက်နာကျင့်သုံးရမဲ့အချိန် ဖြစ်နေပါပြီ။

💧 သဘာဝတရားရဲ့ တုံ့ပြန်မှု

⚫ ရေဟာ သဘာဝအရင်းအမြစ်ဆိုပေမဲ့ သဘာဝတရားမှာလည်း ခံနိုင်ရည်နဲ့ ကန့်သတ်ချက်များစွာ ရှိပါတယ်။
⚫ လူသားတွေက သဘာဝတရားကို ကောင်းမွန်ပြုပြင်းထိန်းသိမ်းရင် သဘာဝတရားကြီးကလည်း လူသားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရေသန့် လေသန့်တွေ၊ အေးမြစွာ ခိုလှုံနိုင်တဲ့ အရိပ်အာဝသတွေ၊ လှပတဲ့ ရှုခင်းတွေနဲ့ သန့်ရှင်းလတ်ဆတ်တဲ့ အစာအာဟာရတွေကို ပြန်လည်ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
⚫ သဘာဝတရားကြီးအပေါ် ရက်စက်စွာ မညှာမတာ ပြုမူကြရင်တော့ သဘာဝတရာကြီးက ပူပြင်းတဲ့ နေရောင်ခြည်တွေ၊ လေမုန်တိုင်းတွေ၊ ခိုလှုံရာ နေအိမ်တွေကို ဖျက်ဆီးတဲ့ လှိုင်းလုံးကြီးတွေနဲ့ ရေကြီးခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့အတူ အနိဌာရုံမြင်ကွင်းတွေကိုသာ ပြန်လည်ပေးစွမ်းမှာ ဖြစ်ပါတယ်။
⚫ ရေဟာ သုံးတတ်ရင် ဆေးဖြစ်နိုင်သလို၊ မသုံးတတ်ရင် ဘေးဖြစ်ပါတယ်။ ဒါကြောင့်လည်း ရန်သူမျိုးငါးပါးထဲမှာ တစ်ပါးအပါအဝင် ဖြစ်နေတာပါ။
⚫ မိမိအပါအဝင် လူသားတိုင်း တစ်ဉီးတစ်ယောက်ချင်းစီတိုင်းရဲ့ အသက်ရှင်ရပ်တည်မှုဟာ ရေကောင်းရေသန့်ရရှိမှုပေါ် များစွာမှီတည်နေတာ ဖြစ်တဲ့အတွက် ရေကို တန်ဖိုးရှိတဲ့ သဘာဝအရင်းအမြစ်တစ်ခုလို့ စိတ်ထဲ စွဲမှတ်ထားရမယ့်အပြင် တာရှည်လုံလောက်စွာ ရရှိဖို့ ဆက်လက် ထိန်းသိမ်းကြရမှာဖြစ်ပါတယ်။

💧 ရေအရင်းမြစ်ထိန်းဖို့ရာ လူတိုင်းပါဝင်ဆောင်ရွက်ပါ

⚫ လူတို့ ရွေးချယ်စားသုံးတဲ့ အစားအစာတွေ‌၊ အဲဒီအစားအစာ ထုတ်လုပ်ပုံနဲ့ စွန့်ပစ်ပုံ စတာတွေ အားလုံးဟာ ရေအရင်းအမြစ်ပေါ် များစွာ သက်ရောက်မှု ရှိပါတယ်။
⚫ ဒါကြောင့် လူတို့ နေ့စဉ်နေထိုင်မှု အမူအကျင့်များကို သတိပြု ပြောင်းလဲကြရမှာဖြစ်ပါတယ်။

ဥပမာ-
🍉 ဒေသတွင်း အလွယ်တကူရရှိတဲ့၊ လတ်ဆတ်တဲ့ ရာသီပေါ်သီးနှံတွေကို ရွေးချယ်စား သုံးကြမယ်၊
🍉 အစားအစာတွေကို လေလွင့်မှုနည်းပါးအောင် သတိပြုကြမယ်၊
🍉 ပုပ်သိုးလွယ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေနဲ့ သိုလှောင်သိမ်းဆည်းကြမယ်၊
🍉 ရေထုညစ်ညမ်းမဲ့ အပြုအမူတွေကို ရှောင်ရှားမယ်၊
🍉 အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျစွန့်ပစ်မယ်။

⚫ ဒီလို နေ့စဉ် သတိပြုပြီး ပြောင်းလဲကျင့်သုံးကြမယ်ဆိုရင် ရက်၊ လပေါင်းများစွာ ကြာတဲ့အခါ ကောင်းမွန်တဲ့ အကျင့်တွေကို မွေးမြူပြီးသားဖြစ်မယ်။
⚫ ကျွန်ုပ်တို့ ကိုယ်တိုင်က အစပြုလို့ အကျင့်ကောင်းတွေကို ပြုပြင်ရင်း ပတ်ဝန်းကျင်ကိုလည်း ကောင်းမွန်တဲ့ အမူအကျင့်တွေကို မျှဝေပေးမယ်။ သတင်းစကားတွေ ပေးမယ်။
⚫ တစ်ယောက်အားနဲ့ မရွေ့ပေမယ့် အများအားနဲ့ဆိုရင်တော့ နာမကျန်းဖြစ်နေတဲ့ ကမ္ဘာကြီးကို ကောင်းမွန်ကျန်းမာလာအောင် ဆောင်ရွက်လာနိုင်မှာပဲ ဖြစ်ပါတယ်။

“ဒါကြောင့် မည်သူတွေမှာ တာဝန်အရှိဆုံးလဲ? ကျွန်ုပ်တို့ လူသားအားလုံးမှာ တာဝန်ရှိပါတယ်။”

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

References:
1. https://www. fao. org/world-food-day/en/
2. https://www. unwater. org/news/world-food-day-2023
3. https://www. thoughtco. com/how-much-of-your-body-is-water-609406
4. https://health. clevelandclinic. org/water-soluble-vitamins/ %20Vitamins%20Are%20water-soluble?

မေမေတို့ရေ...အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို ကျင်းပတဲ့ ဩဂုတ်လကို ရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။  (၂၀၂၃) ခုနှစ်၊ အာဟာရဖ...
06/08/2023

မေမေတို့ရေ...

အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို ကျင်းပတဲ့ ဩဂုတ်လကို ရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။

(၂၀၂၃) ခုနှစ်၊ အာဟာရဖွံ့ဖြိုးတိုးတက်ရေး ရက်သတ္တပတ်များရဲ့ ပထမပတ်ဖြစ်တဲ့ “ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်”အတွက် ဆောင်ပုဒ်ကတော့ “Let’s make breastfeeding and work, work!” ဖြစ်ပြီး၊ မြန်မာလို ဘာသာပြန်ရင်တော့ “လုပ်ငန်းခွင်မှာ နွေးထွေးစွာ နို့ချိုတိုက်ကာ အလုပ်လုပ်ပါ” ဖြစ်ပါတယ်။

ခေတ်မီဖွံ့ဖြိုး တိုးတက်လာတဲ့ ကမ္ဘာကြီးမှာ မေမေတွေဟာ နှောင်းခေတ်များတုန်းကလို အိမ်တွင်းအောင်းပြီး အိမ်အလုပ်တွေကိုသာ လုပ်ကိုင်နေကြတဲ့ အိမ်ရှင်မများ မဟုတ်ကြတော့ပါဘူး။ အိမ်ထောင်တာဝန်နဲ့ အိမ်မှုကိစ္စများကိုလည်း နိုင်နင်းစွာ တာဝန်ယူကြရတဲ့အပြင် ပြင်ပလုပ်ငန်းခွင် အလွှာအသီးသီးမှာလည်း အောင်မြင်စွာ တာဝန်ယူလုပ်ကိုင်နေကြတဲ့ အာဂမိန်းမသားများ ဖြစ်လာကြပါပြီ။

အဲဒီလို အာဂမေမေတွေအတွက် လုပ်ငန်းခွင်မှာ လုပ်ကိုင်နေရင်း မိမိရဲ့ ရင်သွေးလေးကိုပါ အချိန်မှန် မိခင်နို့တိုက်ကျွေးနိုင်ဖို့၊ ရင်အုပ်မကွာ ပြုစုစောင့်ရှောက်နိုင်စေဖို့အတွက် လုပ်ငန်းရှင်များနဲ့ ပြည်သူလူထုက ပံ့ပိုးမှု၊ သတိပြုမှု မြင့်တက်လာအောင် ရည်ရွယ်ပြီး ယခုနှစ် ကမ္ဘာမိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်ရဲ့ ဆောင်ပုဒ်ကို သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။

-------------------------
မိခင်လောင်းများနှင့် နို့တိုက်မိခင်များ လုပ်ငန်းခွင်၌ မိမိတို့၏ ရင်သွေးငယ်များကို အဆင်ပြေလွယ်ကူစွာ နို့ချိုတိုက်ကျွေးဖို့ရာ

မူဝါဒ ချမှတ်သူများအနေနှင့်

✧ လစာပြည့်ဖြင့် မီးဖွားခွင့်ကို အနည်းဆုံး ၁၈ ပတ် သို့မဟုတ် ၆ လနှင့်အထက် ပေးခြင်း
✧ လုပ်ငန်းခွင်၌ မိခင်နို့တိုက်ကျွေးရန် နားချိန် သီးသန့်ပေးခြင်း၊ မိခင်နို့ လွတ်လပ်စွာ တိုက်ကျွေးနိုင်ရန် သီးသန့်အခန်း သို့မဟုတ် နေရာများ ဖန်တီးပေးခြင်း
✧ မည်သည့်လုပ်ငန်းခွင်၌မဆို မိခင်များ၏ ရပိုင်ခွင့်များကို တန်းတူညီမျှ ရရှိအောင် ဖန်တီးပေးခြင်း
✧ ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားချိန်တို့တွင် လုပ်ငန်းခွင်ဆိုင်ရာ ခွဲခြားဆက်ဆံခြင်းများ လျော့နည်းအောင် လျှော့ချပေးခြင်းတို့နှင့် သက်ဆိုင်သည့် မူဝါဒများ ချမှတ်ခြင်းတို့ ဆောင်ရွက်ပေးနိုင်ပါသည်။

အလုပ်ရှင်များ၊ မန်နေဂျာများအနေနှင့်

✧ နိုင်ငံတော်က ချမှတ်ထားသည့်အတိုင်း မီးဖွားခွင့်ကို မိခင်လောင်းအားလုံး တန်းတူရရှိရန် ဆောင်ရွက်ပေးခြင်း
✧ လုပ်ငန်းခွင်ရှိ မိခင်များ နို့တိုက်ကျွေးရန် နေရာများနှင့် မိခင်နို့သိုလှောင်ရန် နေရာများ ထားရှိစေခြင်း
✧ ရင်သွေးငယ်ကို မိခင်နှင့် ရင်အုပ်မကွာ စောင့်ရှောက်နိုင်ရန် မီးဖွားခွင့်အပြင် သင့်တော်သော အလုပ်ချိန်သတ်မှတ်ပေးခြင်း၊ ကလေး ပြုစုစောင့်ရှောက်ရန် နေရာများ ဖန်တီးပေးခြင်း၊ အိမ်မှ အလုပ်လုပ်စေခြင်း၊ အချိန်ပိုင်း အလုပ်လုပ်စေခြင်းနှင့် ကလေးအား လုပ်ငန်းခွင်သို့ ခေါ်ဆောင်လာကာ စောင့်ရှောက်ခွင့်ပြုခြင်းတို့ ဆောင်ရွက်ပေးနိုင်သည်။

လုပ်ဖော်ကိုင်ဖက်များအနေနှင့်

✧ မိခင်လောင်းများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်သောအခါ အားပေးကူညီခြင်း၊ သင့်တင့်သော အလုပ်အချိန်ဇယားများ ညှိနှိုင်းပေးခြင်း
✧ လုပ်ငန်းခွင်တွင် အမျိုးသမီးအခွင့်အရေးကို ကာကွယ်ပေးခြင်းတို့ ဆောင်ရွက်ပေးနိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
(ဩဂုတ်လ၊ ၂၀၂၃ ခုနှစ်)

Reference:
https://www. who. int/campaigns/world-breastfeeding-week/2023/key-messages

ကမ္ဘာ့အိုင်အိုဒင်းချို့တဲ့မှုရောဂါများကာကွယ်ရေးနေ့ (21 October 2022) Global Iodine Deficiency Disorders (IDD) Prevention...
21/10/2022

ကမ္ဘာ့အိုင်အိုဒင်းချို့တဲ့မှုရောဂါများကာကွယ်ရေးနေ့ (21 October 2022)
Global Iodine Deficiency Disorders (IDD) Prevention Day

🙋‍♀️ အောက်တိုဘာလ (၂၁)ရက်နေ့ဟာ ကမ္ဘာ့အိုင်အိုဒင်းချို့တဲ့မှုရောဂါများကာကွယ်ရေးနေ့ ဖြစ်ပါတယ်ရှင်။

🙅‍♀️ဟော လာပြန်ပြီ၊ အိုင်အိုဒင်းနေ့တဲ့။ ဟိုနေ့ကတင် စားနပ်ရိက္ခာနေ့ဆိုလား? ယူတို့နေ့တွေကလည်း ကုန်-မကုန်နိုင်ဘူးလားလို့ မတွေးကြစေချင်ပါဘူးနော်။

📅 တစ်နှစ်မှာ ရက်ပေါင်း (၃၆၅)ရက်ရှိတဲ့အနက် အခုလို ကျန်းမာရေးဆိုင်ရာ အထိမ်းအမှတ် နေ့တွေရယ်လို့သတ်မှတ်ပြီး အသိပညာတွေ မျှဝေနေတယ်၊ အချို့နိုင်ငံတွေမှာ ပြပွဲပြိုင်ပွဲတွေ ကျင်းပနေရတယ်ဆိုတာက တကယ်အရေးကြီးတဲ့၊ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ပြည်သူလူထုအနေနဲ့ သတိထားမိလာစေရန်၊ ရောဂါတွေကိုကာကွယ်ဖို့ မှန်ကန်တဲ့နည်းလမ်းတွေကို သိရှိလိုက်နာကျင့်သုံးတတ်စေရန်၊ အဲဒီရောဂါတွေနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အယူအဆများ ပပျောက်စေရန်နှင့် ကျန်းမာရေးပြဿနာတွေကို ကာကွယ်ထိန်းချုပ်ရာမှာ ပြည်သူလူထုတစ်ရပ်လုံးက တစ်တပ်တစ်အား ပါဝင်စေလိုတဲ့ ရည်ရွယ်ချက်တွေကြောင့်ပါနော်။

💁‍♀️ ဒါကြောင့် ဒီနေ့တော့ အိုင်အိုဒင်းအာဟာရနဲ့ပတ်သက်ပြီး ဗဟုသုလေးတွေ မျှဝေပေးချင်ပါတယ်။

👩‍⚕️အိုင်အိုဒင်းအာဟာရဓာတ်က ဘာကြောင့်အရေးကြီးတာလဲ?
အိုင်အိုဒင်းဓာတ်ဟာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးခြင်းနဲ့ လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံ သိုင်းရွိုက်ဂလင်း (Thyroid gland)မှ ‌‌သိုင်းရွိုက်ဟော်မုန်း (Thyroid hormone)ထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အဏုအာဟာရဓာတ်ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းဆိုတာကတော့ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်များ၊ နှလုံးခုန်နှုန်းများ၊ ခန္ဓာကိုယ်အပူချိန်၊ ကြွက်သားများ ကျုံ့ခြင်း/ဆန့်ခြင်း စသည့်လုပ်ငန်းများအတွက် အရေးပါတဲ့ ဟော်မုန်းတစ်ခုဖြစ်ပါတယ်။

👩‍💻 မြန်မာနိုင်ငံမှာ (၂၀၁၈)ခုနှစ်တုန်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူခဲ့တဲ့ “မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေလေ့လာရေး စစ်တမ်း” အရ အိမ်ထောင်စု (၁၀) အိမ်မှာ (၈)အိမ်ဟာ အိုင်အိုဒင်းဆားကို စားနေကြပေမယ့် အဲဒီထဲက (၄)အိမ်ကပဲ သတ်မှတ်စံချိန်မီတဲ့ (အရည်အသွေးပြည့်တဲ့) အိုင်အိုဒင်းဆားကို စားသုံးနေကြောင်း တွေ့ရပါတယ်။

👩‍⚕️အိုင်အိုဒင်းအာဟာရချို့တဲ့မှုကြောင့် ဖြစ်လာတဲ့ရောဂါတွေကို “Iodine Deficiency Disorders (IDD) အိုင်အိုဒင်းချို့တဲ့မှုရောဂါများ” လို့ခေါ်ပါတယ်။
အိုင်အိုဒင်းအာဟာရချို့တဲ့ရင် ဘာတွေဖြစ်နိုင်သလဲ?
👶🤱 ကလေးငယ်တွေမှာ-
👉 စံမီကြီးထွားဖွံ့ဖြိုးမှုမရှိဘဲ သေးကွေးပုညှက်ခြင်း
👉 ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးပြီး သင်ယူနိုင်စွမ်း ကျဆင်းခြင်း
🤰 ကိုယ်ဝန်ဆောင်မိခင်တွေမှာ-
👉 သားပျက်/သားလျှောခြင်း
👉 ကလေးအသေမွေးခြင်း
👉 ပေါင်မပြည့်/လမစေ့ကလေး မွေးခြင်း
👉 ဆွံ့အ/ နားမကြားသည့် ကလေးမွေးခြင်း
👨‍👩‍👦‍👦 ကလေး/လူကြီးမရွေး အိုင်အိုဒင်းချို့တဲ့ရင်တော့-
👉 လည်ပင်းကြီးရောဂါ ခံစားရခြင်း
👉 ခန္ဓာကိုယ် ဇီဝဖြစ်စဉ်များတွင် အနှောက်အယှက်ဖြစ်ခြင်း
👉 သွက်လက်မှုမရှိဘဲ ထုံထိုင်းနှေးကွေးခြင်း
👉 ကြွက်သားများ အားနည်းခြင်း
👉 ဆံပင်ကျွတ်ခြင်း၊ အသားအရေများ ခြောက်သွေ့ခြင်း
👉 (အမျိုးသမီးများ) ဓမ္မတာ မမှန်ခြင်း တို့ ဖြစ်ပွားတတ်ပါတယ်။

👩‍🍳 ဒါဆိုရင် အိုင်အိုဒင်းဓာတ် မချို့တဲ့အောင် ဘယ်လိုကာကွယ်ကြမလဲ?
🧂🧂 *အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းကတော့ အိုင်အိုဒင်းဆား စားသုံးခြင်းပဲ ဖြစ်ပါတယ်*
အိုင်အိုဒင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့
🐟🍤 ပင်လယ်စာများဖြစ်တဲ့ ငါး၊ ပုစွန်၊ ဂုန်း၊ ရေညှိ၊ ငါးကြီးဆီ
🥛🧀 နို့နှင့် နို့ထွက်ပစ္စည်းများဖြစ်တဲ့ ဒိန်ချဉ်၊ နွားနို့၊ ဒိန်ခဲ တို့ကို စားသုံးခြင်းဖြင့်လည်း အိုင်အိုဒင်းချို့တဲ့မှုများကို ကာကွယ်နိုင်ပါတယ်။

👩‍🔬 ဒါကြောင့် ပြည်သူလူထုအတွင်း အိုင်အိုဒင်းချို့တဲ့မှုရောဂါများ ပပျောက်စေရန်၊ အိုင်အိုဒင်းဆား ထုတ်လုပ်သော ဆားစက်များမှလည်း စံမီသော အိုင်အိုဒင်းဆားများထုတ်လုပ်ကြန်ရန်နှင့် ပြည်သူများမှလည်း မိမိတို့အိမ်တွင် အိုင်အိုဒင်းဆားကိုသာ သုံးစွဲကြရန် တိုက်တွန်းပြောကြားလိုပါတယ်။

🤝 ရင်သွေးငယ်များ ကျန်းမာသန်စွမ်း ဉာဏ်ရည်ဖွံ့ဖြိုးစေရန်နှင့် ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာသော အနာဂတ်ကို ပိုင်ဆိုင်နိုင်ရန်အတွက် မိမိမှစ၍ မှန်ကန်သော ကျန်းမာရေးအမူအကျင့်များကို လိုက်နာကျင့်သုံးရင်း မိမိပတ်ဝန်းကျင်ရှိ မိတ်ဆွေ၊ သူငယ်ချင်းများပါ သိရှိလာစေရန် #ကမ္ဘာ့အိုင်အိုဒင်းချို့တဲ့မှုရောဂါများကာကွယ်ရေးနေ့ အကြောင်းကို မျှဝေပေးကြဖို့လည်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

References
· Myanmar Micronutrient and Food Consumption Survey MMFCS (2017-18) Intrim Report
· https://www.nhp.gov.in/global-iodine-deficiency-disorders-prevention-day_pg #:~:text=Global%20Iodine%20Deficiency%20Disorders%20(IDD,every%20year%20on%2021st%20October
· https://nationaldaycalendar.com/world-iodine-deficiency-day-october-21/

ကမ္ဘာ့စားနပ်ရိက္ခာနေ့ - World Food Day, 2022 (16 October 2022)Better production and better nutritionBetter environment a...
16/10/2022

ကမ္ဘာ့စားနပ်ရိက္ခာနေ့ - World Food Day, 2022
(16 October 2022)

Better production and better nutrition
Better environment and better living
👭 "Leave no one behind"👬
မည်သူတစ်ဦးတစ်ယောက်မျှ နောက်မချန်ခဲ့စေရ

🍍 လူတို့သည် နေ့စဉ် လှုပ်ရှားသွားလာခြင်း၊ လုပ်ငန်းတာဝန်များထမ်းဆောင်ခြင်းအပြင် ခန္ဓာကိုယ်အတွင်း အလိုအလျောက် ဆောင်ရွက်နေသောဖြစ်စဉ်များ (အသက်ရှူခြင်း၊ အစာခြေဖျက်ခြင်း၊ အပူအအေးထိန်းညှိခြင်း) အားလုံး စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် စွမ်းအင်လိုအပ်ပါသည်။ အဆိုပါ စွမ်းအင်ကို အစာအာဟာရ၊ အစားအစာ စားသုံးခြင်းမှ ရရှိပါသည်။

🍍 ထိုသို့ အသက်ရှင်ရပ်တည်ရေးအတွက် အရေးပါလှသော အစားအစာကို စားသုံးရာတွင် ကျန်းမာရေးနှင့်ညီညွတ်သော၊ သန့်ရှင်းလတ်ဆတ်သော၊ မိမိတို့အရပ်ဒေသတွင် အလွယ်တကူရရှိနိုင်၍ ပေါများသော အစားအစာများကို အစာအုပ်စု စုံလင်မျှတစွာပါရှိအောင် ရွေးချယ်စားသောက်တတ်ရန် အရေးကြီးပါသည်။

🍍 “တန်ဆေး၊ လွန်ဘေး” ဆိုသကဲ့သို့ သင့်တင့်သော ပမာဏပြည့်မီအောင် မစားသုံးလျှင် အားအင်ချည့်နဲ့ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ရောဂါဝင်လွယ်ခြင်း စသော ဆိုးကျိုးများရှိသလို စားသုံးမှု လွန်ကဲ (မမျှတ) ပါကလည်း အဝလွန်ခြင်း၊ သွေးတိုး၊ ဆီးချို အစရှိသော မကူးစက်တတ်သော နာတာရှည်ရောဂါများ ဝင်ရောက်လာနိုင်ပါသည်။

🍍 ပဋိပက္ခများဖြစ်ပွားခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်း၊ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ သာတူညီမျှမှုမရှိခြင်း၊ ကပ်ရောဂါများဖြစ်ပွားခြင်းတို့သည် မည်သည့်နိုင်ငံတွင်မဆို ဖွံ့ဖြိုးတိုးတက်မှုများကို အဟန့်အတားဖြစ်စေပါသည်။

🍍 မြန်မာနိုင်ငံတွင် အဆိုပါ ဘေးအန္တရာယ်ဆိုးများအပြင် စစ်ဘေးဒုက္ခကိုပါ အပြင်းအထန် ခံစားနေကြရသည်ဖြစ်ရာ ပြည်သူတို့မှာ မိမိတို့ အိုးအိမ်ကို စွန့်ခွာပြေးရခြင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် စားနပ်ရိက္ခာ လုံလောက်စွာ မစားသုံးရသည့် မိသားစုများ၊ ငတ်မွတ်ခေါင်းပါး၍ အာဟာရပြတ်သော လူဦးရေများ တိုးပွားလာလျက်ရှိပါသည်။

🍍 ရေရှည်တည်တံ့သော ဖွံ့ဖြိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ်စေရန် သာတူညီမျှမှုရှိရန် လိုအပ်ပါသည်။
တောင်သူများ၊ အစားအစာထုတ်လုပ်သူများ၊ စားသုံးသူများအားလုံးကို သာတူညီမျှ အခွင့်အရေးရရှိစေမည့် အခွင့်အလမ်းများ ဖန်တီးပေးရပါမည်။

🍍 မိမိတို့ ပတ်ဝန်းကျင်ကိုလည်း အစဉ် သန့်ရှင်း၊ စိမ်းလန်းနေစေရန် လူတိုင်းပါဝင်ကြရပါမည်။

🍍 ဆင်းရဲဒုက္ခများ၏ အရင်းအမြစ်ဖြစ်သော အာဏာရှင်တော်လှန်ရေးတွင်လည်း မိမိတို့ ကျရာနေရာမှ တတ်အားသရွေ့ပါဝင်ရင်း ယခုကာလတွင် ရေများသော အိုးများကို ထပ်ခါ ထပ်ခါဖြည့်တင်းကာ ကုသိုလ်ပြုကြမည့်အစား စစ်ဘေးရှောင်ဒေသရှိ ပြည်သူများ၊ မိမိတို့ပတ်ဝန်းကျင်ရှိ အဆင်ပြေသူများမှ ခက်ခဲသူများ၊ အဆင်မပြေသူများကို ပြည်သူမှပြည်သူသို့ ကူညီပေးကာ လူတိုင်းအာဟာရပြည့်သော အစားအစာများ လက်လှမ်းမီရရှိစေရန် ပါဝင်ပေးစေလိုကြောင်း တိုက်တွန်းလိုက်ရပါသည်။

Reference:
1) https://www. fao. org/world-food-day/en/
2) The Science of Nutrition by Rhiannon Lambert

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

#မည်သူတစ်ဦးတစ်ယောက်မျှနောက်မချန်ခဲ့စေရ

Better production and better nutritionBetter environment and better living "Leave no one behind" Food and Agriculture Or...
16/10/2022

Better production and better nutrition
Better environment and better living
"Leave no one behind"

Food and Agriculture Organization of the United Nations (FAO)

We’re all in this together so we leave no-one behind We should be on the same side if we want to live right We’re all connected So for the sake of food no-...

16/10/2022

Better production and better nutrition
Better environment and better living
"Leave no one behind"

Food and Agriculture Organization of the United Nations (FAO)

16/10/2022

Let’s build a world with more and good quality food that is safe, nutritious, and affordable for all 🤝🪴🌲🌿🌴💦🐓🦤🚶‍♀️🚶🤝



https://fb.watch/gbreeEcDMr/

😮‍💨 တီဘီရောဂါ သိကောင်းစရာ 😮‍💨တီဘီရောဂါဆိုတာဘာလဲ?♦ တီဘီရောဂါသည် လေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်သည်။♦ တီဘီရောဂါရှိသူမှ ...
24/03/2022

😮‍💨 တီဘီရောဂါ သိကောင်းစရာ 😮‍💨

တီဘီရောဂါဆိုတာဘာလဲ?

♦ တီဘီရောဂါသည် လေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်သည်။
♦ တီဘီရောဂါရှိသူမှ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်းနှင့် သီချင်းဆိုခြင်းတို့မှတစ်ဆင့် တီဘီရောဂါပိုးများသည် လေမှုန်များအဖြစ် လေထုထဲသို့ ပျံ့နှံ့သွားကာ အခြားသူများထံသို့ နှာခေါင်း၊ ပါးစပ်တို့မှတစ်ဆင့် ရှူရှိုက်မိခြင်းဖြင့် အဆုတ်ထဲရှိ လေအိတ်ကလေးများသို့ ဝင်ရောက်သွားပြီး ရောဂါကူးစက်ခြင်းဖြစ်သည်။
♦ တီဘီရောဂါပိုးများသည် ပတ်ဝန်းကျင်ကိုလိုက်၍ လေထဲတွင် နာရီပေါင်းများစွာ အသက်ရှင်နေနိုင်သည်။
♦ တီဘီရောဂါရှိသူ ကိုင်တွယ်အသုံးပြုထားသော ပစ္စည်းများ၊ မျက်နှာပြင်များကို ထိတွေ့ကိုင်တွယ်ခြင်းဖြင့် ရောဂါမကူးစက်တတ်ပါ။
♦ တီဘီရောဂါပိုးသည် အဆုတ်တွင် ပွားများလေ့ရှိသော်လည်း တီဘီရောဂါလက္ခဏာများသည် ခန္ဓာကိုယ်တွင် တီဘီပွားများသော နေရာအလိုက် ကွာခြားလေ့ရှိသည်။

အဆုတ်တီဘီရောဂါ၏ လက္ခဏာများ

♦ (၃) ပတ်နှင့်အထက် ချောင်းဆိုးနေခြင်း၊
♦ ရင်ဘတ်အောင့်ခြင်း၊
♦ ချောင်းဆိုးလျှင် သွေးနှင့် ချွဲသလိပ်များ ပါခြင်း၊
♦ အားအင်ကုန်ခမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊
♦ ကိုယ်အလေးချိန် ကျဆင်းခြင်း၊
♦ အစားအသောက် ပျက်ခြင်း၊
♦ ချမ်းတုန်ခြင်း၊
♦ ဖျားခြင်း၊
♦ ညအခါ အလွန်အမင်း ချွေးထွက်ခြင်း။

အထက်ပါ လက္ခဏာများ ခံစားနေရပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံ၊ ဆေးခန်းများတွင်

 သလိပ်ကို တီဘီရောဂါပိုး ရှိ/မရှိ (၂) ကြိမ် (မနက်စောစော သလိပ် တစ်ကြိမ် အပါအဝင်) စစ်ဆေးပါ။
 အကယ်၍ သလိပ်ထဲတွင် တီဘီရောဂါပိုးတွေ့လျှင် ကျန်းမာရေးဝန်ထမ်းများ ညွှန်ကြားသည့်အတိုင်း ကုသမှုခံယူပါ။

တီဘီရောဂါ ကုသမှုဆိုတာဘာလဲ?

♦ တီဘီရောဂါပျောက်ကင်းအောင် အစွမ်းထက်သော တီဘီဆေးများဖြင့် (၆) လမှ (၈) လအထိ ကုသမှုပေးခြင်း ဖြစ်သည်။
♦ တီဘီဆေးများကို အနည်းဆုံး (၆) လမှ (၈) လအထိ နေ့စဉ်ပုံမှန် ကျန်းမာရေးဝန်ထမ်းများ ညွှန်ကြားထားသည့်အတိုင်း အစာမစားမီ (၁)နာရီအလို (သို့မဟုတ်) အစာစားပြီး (၃) နာရီအကြာတွင် စနစ်တကျသောက်ရန် ဖြစ်သည်။
♦ တီဘီရောဂါသည် ကျန်းမာရေးဝန်ထမ်းများ ညွှန်ကြားသည့်အတိုင်း စနစ်တကျနှင့် ပြီးဆုံးအောင် ကုသမှုခံယူမည်ဆိုလျှင် ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါဖြစ်သည်။
♦ တီဘီဆေးများကို မှန်မှန်နှင့် ပြီးဆုံးအောင် သောက်ရန် အရေးကြီးပါသည်။

တိုက်ရိုက်ကြည့်ရှု အချိန်တိုကုသမှု (Directly Observed Treatment/ DOT) ဆိုတာဘာလဲ?

♦ သင်တန်းရထားသော စေတနာ့ဝန်ထမ်း (သို့မဟုတ်) မိသားစုဝင်တစ်ဦးဦးက လူနာဆေးမှန်မှန်သောက်ရန် နေ့စဉ် စောင့်ကြပ်ကြည့်ရှု အားပေးကူညီ၍ ဆေးတိုက်ကျွေးခြင်းဖြစ်ပါတယ်။

♦ နေ့စဉ် စောင့်ကြပ်ကြည့်ရှု ကုသမှုဖြစ်တဲ့အတွက်
✅ ရောဂါလက္ခဏာ သက်သာလာသဖြင့် ဆေးဆက်သောက်ရန် မလိုတော့ဟု ထင်တဲ့အခါ၊
✅ ဆေးသောက်ရန် ငြီးငွေ့လာတဲ့အခါ (သို့မဟုတ်) မေ့လျော့တဲ့အခါ၊
✅ ဆေးသောက်ပြီး မအီမသာဖြစ်တဲ့အခါတိုင်း
စေတနာဝန်ထမ်း (သို့မဟုတ်) မိသားစုဝင် တစ်ဦးဦးက ဆေးမှန်မှန်သောက်ရန် အားပေးကူညီပါလိမ့်မယ်။

ဆေးကုသနေစဉ် သလိပ်ပြန်လည်စစ်ဆေးခြင်း

♦ လူနာသစ်များ ဆေးကုသမှုစတင်ပြီး ၂ လ၊ ၅ လနှင့် ၆ လအကြာတို့တွင် သလိပ်ပြန်လည် စစ်ဆေးရပါမည်။
♦ ပြန်ကုလူနာများ ၃ လ၊ ၅ လနှင့် ၈ လ အကြာတို့တွင် သလိပ်ပြန်လည်စစ်ဆေးရပါမည်။

သတိပြုရန်

👉 ဆေးကုသမှုခံယူနေစဉ် (၂) လမှ (၃) လအတွင်း ပြန်လည်နေကောင်းလာပြီး သလိပ်ပြန်လည် စစ်ဆေးသည့်အခါ တီဘီရောဂါပိုး မတွေ့ရုံဖြင့် တီဘီရောဂါပျောက်ကင်းပြီဟု မယူဆနိုင်ပါ။
👉 ဆေးကို သတ်မှတ်ညွှန်ကြားထားသည့် ဆေးသောက်ကာလ ပြည့်အောင်သောက်မှသာ ရောဂါပျောက်ကင်းမည် ဖြစ်ပါသည်။ သို့မဟုတ်ပါက ရောဂါပြန်လည်ဖြစ်ပွား၍ အသက်သေဆုံးနိုင်ပါသည်။

ထို့ကြောင့် ဆေးကုသမှုမပြီးခင် တီဘီဆေးကို မိမိသဘောဖြင့် မရပ်တန့်ရန် လွန်စွာအရေးကြီးပါသည်။

ဆေးကို မှန်မှန် မသောက်ရင်/ ကုသမှုပြီးအောင် မသောက်ရင် ဘာအန္တရာယ်တွေရှိလာနိုင်လဲ?

♦ အဆုတ်တစ်ခုလုံး ပျက်စီးသွားနိုင်ပြီး တီဘီရောဂါပိုးဟာ ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့သွားနိုင်ပါတယ်။
♦ ဆေးပတ် မပြည့်သေးတဲ့အတွက် ကျန်ရှိနေသေးတဲ့ တီဘီရောဂါပိုးများမှာလည်း ဆေးယဉ်ပါး သွားနိုင်ပါတယ်။
♦ မိသားစုဝင်များကိုလည်း ဆေးယဉ်ပါးတီဘီရောဂါ ကူးစက်သွားနိုင်ပါတယ်။
♦ ဆေးယဉ်ပါးသော တီဘီရောဂါဟာ ပျောက်ကင်းအောင်ကုသရန် ခက်ခဲပြီး အသက်အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ပါတယ်။
♦ မိသားစုဝင်များတွင် တီဘီရောဂါလက္ခဏာများ ပြလာပါက ရောဂါ ရှိ/မရှိ ချက်ချင်း စစ်ဆေးပြီး ကုသမှုခံယူရန် လိုအပ်ပါသည်။

ထို့ကြောင့် ဆေးကို အချိန်မှန် မပျက်မကွက် သောက်သုံးပြီး ကုသမှု ပြီးဆုံးသည်အထိ ခံယူပါ။

ကုသမှုခံယူစဉ် ကြုံတွေ့ရနိုင်သော ဆေး၏ဘေးထွက်ဆိုးကျိုးလက္ခဏာများ _

♦ ခြေ၊ လက်များ ထုံကျင်ခြင်း၊ ပူခြင်း
♦ မျက်လုံး၊ အသားများ ဝါလာခြင်း
♦ အရေပြား ယားယံပြီး အနီကွက် အဖုအပိန့်များ ထွက်လာခြင်း

အထက်ပါ လက္ခဏာများ ကြုံတွေ့ရပါက ကျန်းမာရေးဝန်ထမ်းများဆီ ချက်ချင်းသွားရောက်ပြီး ကုသမှု ခံယူပါ။

တီဘီရောဂါဝေဒနာရှင်များလိုက်နာရန်

👉 ချောင်းဆိုး/နှာချေလျှင် ပါးစပ်နှင့်နှာခေါင်းကို လက်ကိုင်ပုဝါ (သို့) နှာခေါင်းစည်းဖြင့် ဖုံးအုပ်ထားပါ။
👉 အသုံးပြုပြီးသော လက်ကိုင်ပဝါနှင့် အဝတ်နှာခေါင်းစည်းများကို နေ့စဉ် လျှော်ဖွတ်၍ ရေနွေးဆူဆူတွင် (၁၀) မိနစ်ခန့်ပြုတ်ပြီးမှ ပြန်လည်အသုံးပြုပါ။
👉 တစ်ခါသုံး နှာခေါင်းစည်းများကို အဖုံးပါသော အမှိုက်ပုံး သီးသန့်တစ်ခုထား၍ သေချာစွာစွန့်ပစ်ပါ။
👉 တံတွေးနှင့် ချွဲသလိပ်များကို အဖုံးပါသော ခွက် (သို့) ထွေးခံတွင် ထွေးပါ။ ဟိုနေရာ သည်နေရာ အလွယ်တကူမထွေးရပါ။
👉 စွန့်ပစ်ပစ္စည်းများ (တစ်ခါသုံး နှာခေါင်းစည်းများ)နှင့်၊ ချွဲသလိပ်များကို အများသုံး အမှိုက်ပုံးများတွင် အလွယ်တကူ မစွန့်ပစ်ရ။ ထိုစွန့်ပစ်ပစ္စည်းများကို (၂)ရက် (၃)ရက်လျှင် တစ်ကြိမ် မီးရှို့ပါ။
👉 သလိပ်ပြန်စစ်သည့်အခါတိုင်း အဆုပ်ထဲမှ သလိပ်များထွက်အောင် သေချာအားထည့်၍ သလိပ်ကို ဟပ်ထုတ်ပါ။
👉 ညွှန်ကြားထားသော တီဘီဆေးများကို ပုံမှန်သောက်ပါ။
👉 လေကောင်းလေသန့် ရရှိစေရန် ပြတင်းတံခါးများကို ဖွင့်ထားပါ၊ ခြံထဲသို့ဆင်း၍ အပင်အရိပ်များအောက်တွင်လည်း နားနေနိုင်ပါသည်။ လေဝင်လေထွက် မရှိသည့် အလုံပိတ် အခန်းကျဉ်းများတွင် နေထိုင်ခြင်းကို တက်နိုင်သမျှ ရှောင်ကြဉ်ပါ။
👉 အာဟာရရှိအောင် အစာအုပ်စု စုံလင်စွာပါဝင်အောင် စားသုံးပါ။ (ဥပမာ-နို့နှင့် နို့ထွက်ပစ္စည်းများ၊ အစိမ်းရောင်ရှိသော အရွက်များ၊ ပဲအမျိုးမျိုး၊ ကြက်ဥနှင့် လတ်ဆတ်သော ရာသီပေါ်သစ်သီးများ အစရှိသည့် ဒေသထွက် အစားအသောက်များကို စားပါ)။ တာရှည်ခံအောင် ပြုလုပ်ထားသော အသင့်စား အစားအသောက်များ၊ စည်သွတ်ဘူးများကို ရှောင်ကြဉ်ပါ။
👉 တစ်နေ့ (၂) ကြိမ် ကိုယ်အပူချိန်တိုင်း၍ အပူချိန်ပြဇယားဖြင့် စနစ်တကျမှတ်သားပါ။
👉 ကိုယ်အလေးချိန်ကို တစ်ပတ်လျှင် (၂) ကြိမ်တိုင်း၍ ကိုယ်အလေးချိန်ပြဇယားဖြင့် မိမိကိုယ်အလေးချိန် အတက်အကျကို စနစ်တကျ မှတ်သားပါ။

တီဘီရောဂါဝေဒနာရှင်များသတိပြုရှောင်ကြဉ်ရန်

❌ ကုသမှု မပြီးဆုံးခင် မိမိသဘောဖြင့် ဆေးကိုရပ်တန့်မပစ်ရပါ။
❌ ကုသမှု မပြီးဆုံးခင် ဆေးကိုရပ်လိုက်ခြင်းဖြင့် “ဆေးယဉ်ပါးသော တီဘီ” ဖြစ်လာနိုင်သည်။
❌ ဆေးယဉ်ပါးတီဘီသည် ပျောက်ကင်းအောင် ကုသရန် ခက်ခဲပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါသည်။
❌ တီဘီကုသမှုကို မိမိသဘောဖြင့် စတင်ခြင်း၊ ရမ်းကုများ ညွှန်ကြားချက်ဖြင့် သောက်သုံးခြင်း မပြုလုပ်ရပါ။ ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းဖြင့် တိုင်ပင်ပြီးမှသာ ညွှန်ကြားချက်အတိုင်း သောက်ရမည်။
❌ ကုသမှုစတင်ပါက ဆေးကြိမ်ရေ တစ်ကြိမ်မျှ မလွတ်သွားစေရ၊ ဆေးသောက်ရန် မမေ့ရပါ။
❌ သက်တမ်းလွန်နေသော၊ အရည်အသွေးမပြည့်မီသော ဆေးဝါးများကို မသောက်သုံးရပါ။
❌ ကုသမှုမပြီးဆုံးခင် မကြာခဏ ဆရာဝန်ပြောင်း၍ ပြခြင်း၊ ဆေးကုထုံးများအား ပြောင်းလဲခြင်း မပြုလုပ်ရ။
❌ ဆေးလိပ်သောက်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ ကွမ်းယာနှင့် ဆေးရွက်ကြီးဝါးခြင်း၊ မူးယစ်စေတတ်သော ဆေးများအသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
❌ သလိပ်ပုံမှန်စစ်ရန်၊ ကိုယ်အလေးချိန် ပုံမှန်ချိန်ရန် မတွန့်ဆုတ်ပါနှင့်။
❌ သလိပ်ထဲတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိနေသ၍ ကလေးငယ်များအား ပွေ့ချီခြင်း၊ နမ်းရှုံ့ခြင်းများ မပြုလုပ်ရ။ ကလေးငယ်များနှင့် တစ်ခန်းတည်း အတူမအိပ်ရ။ ကလေးငယ်များနှင့် တတ်နိုင်သမျှ ဝေးရာတွင်နေရမည်။

တီဘီရောဂါ ကူးစက်ခံရရန် အန္တရာယ်ရှိသူတွေက ဘယ်သူတွေလဲ?

 ယေဘုယျအားဖြင့် လတ်တလော တီဘီရောဂါပိုးဝင်ရောက်နိုင်သော အုပ်စုနှင့် ကိုယ်ခံအားကျဆင်းသော အုပ်စု ဟူ၍ (၂) မျိုး ခွဲနိုင်သည်။

👉 လတ်တလော တီဘီရောဂါ ဝင်ရောက်နိုင်သည့် အန္တရာယ်ရှိသူများမှာ

♦ တီဘီရောဂါသည်နှင့် အနီးကပ်နေရသော မိသားစုဝင်များ
♦ တီဘီရောဂါအဖြစ်များသော မြို့နယ်၊ အရပ်ဒေသမှ ပြောင်းရွှေ့လာသူများ
♦ တီဘီစစ်ဆေးတွေ့ရှိထားသော အသက် (၅) နှစ်အောက်ကလေးများ
♦ အိမ်ယာမဲ့များ၊ မူးယစ်ဆေးသုံးစွဲသူများနှင့် HIV/AIDS ရောဂါခံစားနေရသူများ
♦ တီဘီရောဂါ ကူးစက်ရန် အန္တရာယ်များသော နေရာများတွင် အလုပ်လုပ်သူများ၊ နေထိုင်သူများ (ဥပမာ - ဆေးရုံများ၊ အိမ်ယာမဲ့များ နေထိုင်သော အဆောက်အအုံ၊ သက်ကြီးဂေဟာများ စသဖြင့်)

👉 ကိုယ်ခံအားကျဆင်းသော ရောဂါခံစားနေရသူများ

♦ HIV/AIDS လူနာများ
♦ မူးယစ်ဆေးစွဲနေသော လူနာများ
♦ ဆီးချိုရောဂါ ခံစားနေရသူများ
♦ ကျောက်ကပ်ရောဂါရှိသူများ
♦ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှု ခံယူထားသူများ
♦ ကင်ဆာရောဂါသည်များ
♦ စတီးရွိုက်ဆေး သောက်သုံးနေရသူများ
♦ ပိန်လှီသူများ
♦ Rheumatoid Arthritis, Crohn’s disease, Silicosis လူနာများ

ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်)

♦ နှစ်စဉ် မတ်လ (၂၄) ရက်နေ့ကို ကမ္ဘာ့တီဘီတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားပါသည်။

♦ (၂၀၂၂) ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ
✅ “Invest to end TB, save lives”
✅ “အသက်ပေါင်းများစွာ ကယ်ဖို့ရာ တီဘီတိုက်ဖျက်ရေးတွင် မြှုပ်နှံပါ” ဖြစ်ပါသည်။

♦ တီဘီရောဂါသည် ကုသလျှင် ပျောက်ကင်းနိုင်သော ရောဂါဖြစ်သော်လည်း
✅ အလွယ်တကူ ရောဂါကူးစက်နိုင်ခြင်း၊
✅ ကုသမှုအချိန် ရှည်ကြာခြင်း (ဆေးကို ပုံမှန်သောက်ရန် ပျက်ကွက်ခြင်း) တို့ကြောင့် ကမ္ဘာပေါ်တွင် သေဆုံးမှု အများဆုံး ရောဂါတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။

♦ ကမ္ဘာပေါ်တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားလာသောအခါ တီဘီရောဂါ ကာကွယ်ရေး၊ တိုက်ဖျက်ရေးလုပ်ငန်းများ နှောင့်နှေးခြင်း၊ လူအများ လက်လှမ်းမမီခြင်းတို့ ဖြစ်ပေါ်လာပါသည်။
♦ ထို့ကြောင့် လူ့အသက်ပေါင်းများစွာကို ဒုက္ခပေးလျက်ရှိသော တီဘီရောဂါအကြောင်းကို သေချာသိရှိလိုက်နာပြီး မိမိပတ်ဝန်းကျင်တွင် တီဘီရောဂါဖြစ်ပွားမှု လျော့ကျစေရန် ကာကွယ်ခြင်းဖြင့် လူ့အသက်များကို ကယ်တင်ပါ။

References _
https://www.paho.org/en/campaigns/world-tuberculosis-day-2022
https://www.cdc.gov/tb/topic/basics/signsandsymptoms.htm
https://www.cdc.gov/tb/publications/faqs/tb-qa.htm
http://www.ehsdb.com/dos-and-donts--tuberculosis.php
https://www.cdc.gov/tb/features/riskfactors/RF_Feature.html

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေအစိုးရ

တယ်လီကျန်းမာ ဆေးခန်းတွင် အခမဲ့တိုင်ပင်ဆွေးနွေးရန်-
https://m.me/telehealthmm

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Address

Kuah

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when National Nutrition Centre, Ministry of Health, National Unity Government posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to National Nutrition Centre, Ministry of Health, National Unity Government:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram