30/04/2026
▫️ ဧည့်သည်
~~~~~~~~~~
ကိုယ်ချစ်တဲ့ သူတွေနဲ့
ရုတ်တရက် ခွဲခွာရတဲ့အခါ ...........
မိဘတွေ နဲ့ သားသမီးတွေ ပေါ့နော်
ဒါတွေဟာ
ဆရာတို့ရဲ့ ဘဝမှာ၊
ဆရာတို့ရဲ့ အတွေးထဲမှာ အလွှမ်းမိုးဆုံးပဲ။
ဘာပြုလို့လဲ ဆိုတော့ ငယ်ငယ်ကတည်းက
အတူတူနေခဲ့ရတယ်၊
ကိုယ့်ကိုလည်း ကြွေးမွေး ပြုစုခဲ့ရတယ်။
ကိုယ့်ကို လွှမ်းမိုးလွန်း အားကြီးတာပေါ့။
ဒီလွှမ်းမိုးမှုက
ကိုယ်ကို အားကြီးလွန်းတဲ့အခါမှာ
ကိုယ်က ဒီလိုတွေ ဖြစ်မယ်လို့
ထင်မှတ်မထားခဲ့ဘူး၊
ထင်မှတ်မထားခဲ့ပဲနဲ့ ထွက်ခွာသွားတဲ့အခါ
ဒါကြီးက
ကိုယ့်အတွက် ဆုံးရှုံးမှု တအားကြီးတယ်။
ဘာနဲ့မှ နှိုင်းယှဉ်လို့ မရဘူး ပေါ့နော်။
အဲတော့ ဆရာတို့က
အမှန်တရားတစ်ခုကို သိဖို့ လိုလာတယ်။
ကိုယ့်ရဲ့ မိဘတွေက ကိုယ့်အပေါ်မှာ
လွှမ်းမိုးလွန်းတာ မှားလား ? ဆိုတော့လဲ
ဒါ မမှားပါဘူး။
မြတ်စွာဘုရားက သင်ကြားပေးခဲ့လို့
ဆရာတို့က အမှန်တရား တစ်ခုကို သိခွင့်
ရခဲ့တယ်။
အဲဒါက ဘာလေးလဲ ဆိုတော့
မိဘတွေက ကိုယ့်ကို ခေါ်ခဲ့တာ မဟုတ်ဘူး၊
ကိုယ်ကလဲ မိဘတွေဆီကို လာမယ်လို့
ပြောပြီးတော့ လာခဲ့တာ မဟုတ်ဘူး။
ဧည့်သည်တွေလိုပဲ၊
အကြောင်းတိုက်ဆိုင်လို့ ရောက်လာကြတာ။
ခဏတဖြုတ်ပဲ။
တွေ့တဲ့ ကြုံတဲ့အခိုက်မှာ
တစ်ယောက်နဲ့ တစ်ယောက်
စိတ်ချမ်းသာအောင် ပျော်ရွှင်အောင်
ကျေးဇူးပြုကြရမှာ။
ဒါပေမဲ့ ဆရာတို့မှာ လောဘ၊ ဒေါသ၊
မောဟ ဆိုတဲ့ ကိလေသာတွေက
ဆရာတို့စိတ်ထဲမှာ ပါလာတဲ့အတွက်
အလိုနဲ့ ကိုက်လို့ရှိရင်တော့ သဘောကျတယ်၊
သဘောကျတဲ့ ~
လောဘ ဖက်ကို ရောက်သွားတယ်။
ကိုယ့်အလိုနဲ့ မကိုက်တော့လည်း
ဒေါသတွေ ဖြစ်သွားတယ် ဆရာတို့က။
ဒါတွေက ဘာကြောင့် ဖြစ်နေတာလဲ ?
အမှန်တရားတစ်ခုကို မသိလို့။
ကိုယ်နဲ့ မိဘတွေဟာ ဧည့်သည် လိုပဲ
အခိုက်အတန့် တွေ့ခဲ့ကြတာ။
ဒီဘဝ တစ်ခု ပြီးရင်လည်း နောက်ဘဝကို
ကိုယ့်လမ်း ကိုယ်လျှောက် သွားကြရမယ်။
အိမ်မှာလာတဲ့ ဧည့်သည်တစ်ဦးကို
ကိုယ့်စိတ်တိုင်းကျ ဘယ်သူမှ မစဉ်းစားပါဘူး။
ကောင်းကောင်းမွန်မွန် ဧည့်ခံတယ်
ပြောတယ် ဆိုတယ်။
သူလည်း ပြန်သွားတာပါပဲ။
ဆရာတို့ ဘဝတစ်ခုကလည်း ဒီလောက်ပါပဲ။
ခဏတဖြုတ် တွေ့ကြပြီးတော့ .......
ဒါပေမဲ့လည်း အဲဒီအချိန်မှာ ဧည့်သည်လို့
သဘောမထားနိုင်တဲ့အတွက်
ကိုယ့်စိတ်တိုင်း ကျချင်တာ၊၊
မိဘကလည်း သားသမီးအပေါ်ကို
စိတ်တိုင်းကျချင်သလိုပဲ
သားသမီးကလည်း မိဘအပေါ်ကို
ကိုယ့်အလိုအတိုင်းတွေ ဖြစ်ချင်လာတာ။
ဖြစ်ချင်တဲ့လောဘ ရှိတဲ့အတွက်
ဖြစ်မလာတဲ့အခါ ဒေါသ ဖြစ်ခဲ့ကြရတယ်။
ဆရာတို့မှာ အမှန်မသိတဲ့ မောဟကြောင့်
လောဘတွေနဲ့လဲ ကြုံလိုက်ကြတယ်။
ဒေါသတွေ ဆိုတာလည်း
ပူဆွေး ဝမ်းနည်းမှုတွေက ဒေါသပဲ။
ကိုယ်မဆုံးရှုံးချင်တဲ့ မိဘကို
ဆုံးရှုံးလိုက်ရတယ်။
ကိုယ်နဲ့အတူနေပြီးတော့ ပျော်နေရတဲ့
ဘဝတစ်ခုဟာ
ကိုယ်နဲ့ ကင်းကွာသွားတဲ့အတွက် ကိုယ့်မှာ
ဆုံးရှုံးမှုကြီး လို့ ခံစားလိုက်ရတယ်။
ကိုယ့်အိမ်ကို ခဏတဖြုတ် လာလို့
ပျော်ပျော်ပါးပါးလေး
စကားပြောပြီး ပြန်သွားရင် အပြုံးလေးနဲ့
ဘိုင့် ဘိုင်လို့ နှုတ်ဆက်နိုင်သလိုပဲပေါ့နော်၊
မိဘ နဲ့ သားသမီး
ကိုယ်နဲ့ ခဏတဖြုတ် တွေ့တဲ့အခါမှာလည်း
ပျော်ပျော်ပါးပါး တစ်ယောက်နဲ့တစ်ယောက်
ကျေးဇူးပြုပြီးတော့
တချိန်မှာ … နှုတ်ဆက်ရင်လည်း
ပြုံးပြုံးရွှင်ရွှင်နဲ့ ဘိုင် ဘိုင် လို့
နှုတ်ဆက်နိုင်ကြအောင် ကိုယ့်ကို စဉ်းစား
မွေးမြူထားဖို့ လိုတယ်။
အခုက ဘာပေးသွားတုန်း
ကိုယ့်ဘဝမှာ ကျေးဇူးအလွန်ကြီးတဲ့
Lesson တစ်ခုကို ပေးသွားတယ်။
ကိုယ်နေရတဲ့ ဘဝတွေမှာ ~
တစ်ယောက်နဲ့ တစ်ယောက် တွေ့ကြုံတုန်းမှာ
တစ်ယောက်ကို တစ်ယောက်
ကျေးဇူးပြုပြီးတော့ ခင်ခင်မင်မင်
ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်ပါးပါး နေရမှာ၊
နေပြီးရင်လည်း
တစ်ချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်
နှုတ်ဆက်ရတဲ့ အခါမှာလည်း
အပြုံးလေးနဲ့ နှုတ်ဆက်နိုင်ရမယ်ပေါ့နော်။
ဒီရှုထောင့်လေးဟာ ကိုယ့်ဘဝကို
သင်္ခန်းစာတစ်ခု ပေးခဲ့တာ။
နို့မို့ရှိရင်တော့ … အလိုကျရင် လောဘ၊
အလိုမကျရင် ဒေါသ၊
အမှန်မသိတဲ့ မောဟတွေနဲ့ပဲ ဘဝတစ်ခုကို
ဆရာတို့ ဖြတ်သန်းနေကြတယ်။
အဲတော့ ကိုယ်က
ရောက်လာတာလည်း ဧည့်သည်လိုပဲ၊
ကိုယ်အရင် ထွက်ရင်လဲ ထွက်ရတယ်၊
ကိုယ်အရင် မထွက်ရင်လည်း
မိဘတွေက အရင် ထွက်သွားကြရမယ်။
ခဏတဖြုတ်တွေ့ကြရတာ။
ဒီရှုထောင့်လေးကနေ စဉ်းစားနိုင် လို့ရှိရင်
ခွဲခွာသွားတဲ့ လူတွေအတွက်လည်း
ကိုယ် တတ်နိုင်သမျှ
နောက်ကနေ ကျေးဇူးဆပ်နိုင်သလို
သူတို့ ဖြစ်စေချင်တာတွေလည်း
ကိုယ် ကြိုးစားပြီးတော့ ဖြည့်ဆည်းသွားရင်
သူတို့ ဝမ်းမြောက် ဝမ်းသာနဲ့
အော် ငါတို့မရှိပေမယ့်လည်း
ငါတို့ ဖြစ်စေချင်တဲ့ ကောင်းတာလေးတွေ
သူတို့ လုပ်ပေးတာပဲလို့
သူတို့လည်း ကျေနပ်မယ်။
ကိုယ်လည်း
ကောင်းကောင်းမွန်မွန် လုပ်ပေးတဲ့အတွက်လဲ
ကိုယ်နဲ့ အခု ပစ္စုပ္ပန်မှာ ကြုံတွေ့နေရတဲ့
အနေအထားမှာ
ကိုယ်ကလည်း ပျော်ပျော်ပါးပါး နဲ့
တစ်ယောက်နဲ့တစ်ယောက် အကောင်းဆုံး
ကျေးဇူးပြုနိုင်ရမယ်။
ဒါတွေဟာ
ဘဝတစ်ခုကို ဘယ်လိုနေရမယ် ဆိုတာ
သဘာဝကြီးတစ်ခုက
သင်ခန်းစာတွေ သင်ပေးသွားတာပါ။
သဘာဝတရားကြီးတစ်ခုက
ဘာမှ မြဲမနေပါဘူး။
ဆုံးရှုံးတယ် ဆိုတာလည်း မဆုံးရှုံးပါဘူး၊
နောက်ဘဝတစ်ခုကို ရောက်သွားကြပါပြီ။
နောက်ဘဝတစ်ခုမှာပဲ
နောက်ခရီးတစ်ခုကို သံသရာတစ်ခုကို
ဆက်နေကြပါပြီ။
ကိုယ်လည်း သံသရာခရီးသွားပဲ၊
သူတို့လည်း သံသရာခရီးသွားပဲ။
ခဏတာပဲ ကြုံကြိုက်လို့ တွေ့ကြရတာ
ဆုံကြရတာပါ။
စိတ်ထဲမှာ
အဲဒီရှုထောင့်လေးကနေ စဉ်းစားရင်
ကြုံကြိုက်တဲ့ ဆုံတဲ့အခါမှာပဲ
အကောင်းဆုံး တစ်ယောက်နဲ့တစ်ယောက်
ကူညီကြဖို့ လုပ်ကိုင်ကြဖို့ ပြောဆိုကြဖို့
ချစ်ချစ်ခင်ခင် နေကြဖို့ပေါ့ နော်။
လူတိုင်းဟာ
အားသာချက် အားနည်းချက်တွေ
ရှိနေတာပဲ၊
အဲတော့ မိမိအားသာချက်နဲ့
သူများရဲ့ အားနည်းချက်ကို
ဖြည့်ဆည်းပေး နိုင်သလိုပဲ၊
ကျန်တဲ့သူတွေရဲ့ အားသာချက်ကလည်း
မိမိအားနည်းချက်လေးကို
ဝိုင်းဝန်း ကူညီ ဖြည့်ဆည်း လိုက်လို့ရှိရင်၊
ကိုယ့်ဘဝမှာ .....
ကိုယ်ဖြတ်သန်းရတဲ့
သံသရာ ခရီးတလျှောက်မှာ .........
အေးအေးချမ်းချမ်း ပေါ့ပေါ့ပါးပါး
ပျော်ပျော်ရွှင်ရွှင်နဲ့
ဖြတ်သန်း နေနိုင်မှာ ဖြစ်ပါတယ်။
{ ဆရာကြီးဒေါက်တာဦးစိုးလွင် }
🙏🙏🙏 🙏🙏🙏
▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️