Travel and Cure Travel . Medical Knowledge . Lifestyle

08/12/2025

သားလေးအတွက် ဘန်ကောက်မှာ Passport လျှောက်ပေးခဲ့တဲ့ အတွေ့အကြုံလေးတွေကို Step by step ဝေမျှပေးပါမယ်.....စာရှည်ပါတယ်ရှင့်...စာအရှည်ကြီး မဖတ်ချင်တဲ့ လူတွေ အတွက် video ထဲမှာ လိုတဲ့ list လေး အနှစ်ချုပ်ပေးထားပါတယ်

သားသား Passport ကို ဒီနှစ် ၅လပိုင်း ကုန်မှာ စလျှောက်ဖြစ်ပါတယ်
passport လျှောက်တဲ့အခါ ကလေးရဲ့အမေ (သို့) အဖေ ပါရင် ရပါတယ်....၂ယောက်လုံးပါဖို့မလိုပါဘူးရှင့်

🔸️ 1st Part 🔸️
ဘန်ကောက်ကမြန်မာသံရုံးကို သွားပြီး အထဲက ဝင်ဝင်ချင်း ကောင်တာမှာ ကလေးအတွက် passport လျှောက်ချင်တယ်လို့ပြောရင် ဖြည့်ဖို့ form ၃ခု ထုတ်ပေးပါတယ် (ဒီနေရာမှာ သတိထားရမှာက ကလေးအတွက်လို့ပြောရင် CI စာအုပ်လုပ်တာနဲ့မှားတတ်လို့ Passport လုပ်မှာလို့သေချာပြောဖို့လိုပါတယ်) 🚩

Form ခေါင်းစဥ်က မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံး/သက်တမ်းတိုးဆိုတဲ့ ခေါင်းစဥ်ရေးထားပါတယ်....အဲ form မှာပဲ ဖြည့်ရတာပါ 😅
ပေးလိုက်တဲ့ form ၃စုံမှာ တစ်စုံက ကလေး အဖေ၊ တစ်စုံက ကလေး အမေ၊ တစ်စုံက ကလေး ရဲ့ ကိုယ်ရေးရာဇဝင် အသေးစိတ်ဖြည့်ပြီး အဖြူနောက်ခံ၊ ၄ x ၆ cm ဓါတ်ပုံ တစ်ပုံစီ ကပ် ရပါတယ်....အဓိကက ဘန်ကောက်မှာ လက်ရှိသုံးနေတဲ့ ဖုန်းနံပါတ်ကို သေချာဖြည့်ပေးပါ...Passport ရရင် အဲဖုန်းကိုပဲဆက်သွယ်တာမလို့ပါ 🚩

တခြားလိုအပ်တဲ့စာရွက်စာတမ်းတွေက
- မိဘ passport bio page ၊ visa stamp page
- မိဘ မှတ်ပုံတင် ရှေ့၊နောက်
- မိဘ အိမ်ထောင်စုဇယား ရှေ့၊နောက်
- လက်ထပ်စာချုပ် မိတ္တူ
- ကလေးရဲ့ မွေးစာရင်း မိတ္တူ

အဲဒီစာရွက်တွေနဲ့ ခုနက ဖြည့်ထားတဲ့ form တွေနဲ့ အကုန်ပေါင်းပြီး ဓါတ်ပုံရိုက်တဲ့အခန်းမှာ တင်ခဲ့ရပါတယ်....သူတို့က စာရွက်စုံမစုံစစ်ပြီး ရပြီဆို ဖုန်းဆက်ပေးမယ်လို့ပြောပါတယ်...၁လ ၂လ လောက်ကြာတတ်တယ်လို့လည်းမှာလိုက်ပါတယ်

🔸️ 2nd Part 🔸️
သြဂုတ် ၂၀ကျော်မှာ သံရုံးက ဖုန်းဆက်လာပါတယ်...passport လျှောက်လို့ရပြီမလို့ သံရုံးလာလို့ရပါပြီ လို့ပြောပါတယ်.... ပြည်ထဲရေးဘက်က ခွင့်ပြုလိုက်ပေမယ့် လဝက က ခွင့်ပြုဖို့ကျန်သေးတဲ့အတွက် အဲအတွက်ကို ထပ်လျှောက်ရမယ်ပြောပါတယ်....လဝကမှာ မွေးတိုးတင်ဖို့အတွက် ကို ကလေးက မြန်မာနိုင်ငံပြင်ပ မှာ မွေးကြောင်း ထောက်ခံစာအရင်လျှောက်ရပါတယ်။ ကြိုလျှောက်ထားလို့လည်းမရပါဘူး သံရုံးကဖုန်းဆက်မှ နောက်ရက် လာပြီး လျှောက်ရတာပါ

အဲနေ့ သံရုံးကို ရောက်တဲ့အခါ ​ထောက်ခံစာလျှောက်ဖို့ form ထုတ်ရပါတယ်...ကလေးရဲ့ မိဘ ၂ယောက်လုံး အလုပ်လုပ်နေတာဆိုရင် ၂ယောက်လုံး အခွန်ဆောင်ထားတဲ့စာရွက်လိုပါတယ်....အခွန်ဆောင်ထားတာမရှိသေးရင် အခွန်ဌာနအခန်းမှာ payslip ပြရင် အခွန်ဘယ်လောက်ဆောင်ရမလဲ သူတို့တွက်ပေးပါတယ်....ပြီးရင်တော့ လမ်းတစ်ဖက်က ဘန်ကောက်ဘဏ်ကို သွားပြီး မြန်မာသံရုံး ဘဏ်အကောင့်ထဲကို တွက်ပေးထားတဲ့ ပမာဏ ငွေသွင်းရပါတယ်....အဲမှာ တခါတည်း ထောက်ခံစာ ဖိုး ဘတ် ၁၅၀ ကိုပါ သက်သက်ခွဲသွင်းခဲ့ရင် တခါတည်းပြီးပါတယ်....ဘဏ်ကပေးတဲ့ ချလံ ၂ခုကို ယူပြီးရင် မိတ္တူကူးရမယ့် စာရွက်တွေ ပြောပြပါမယ်
အခွန်ဌာနကို ပေးဖို့အတွက်က
- passport bio page ၊ visa stamp page
- မှတ်ပုံတင် ရှေ့၊နောက်
- အိမ်ထောင်စုဇယား ရှေ့၊နောက်
- လက်ထပ်စာချုပ် မိတ္တူ
- work permit မိတ္တူ
- အလုပ် contract မိတ္တူ
- payslip ကို အလုပ်စဝင်တဲ့လကနေ လက်ရှိအထိ ထုတ်ထားတဲ့စာရွက်

အဲဒိစာရွက်တွေရယ်၊ ဘဏ်ချလံရယ်ကို ပေးလိုက်ရင် သူတို့က အခွန်ဆောင်ပြီးကြောင်း စာရွက်လေး ထုတ်ပေးပါတယ်....အဲစာရွက်ကို မိတ္တူ ထွက်ကူးပါ...ပြီးရင် ထောက်ခံစာအတွက် လိုတဲ့ စာရွက်စာတမ်းတွေက
- မိဘ passport bio page ၊ visa stamp page
- မိဘ မှတ်ပုံတင် ရှေ့၊နောက်
- မိဘ အိမ်ထောင်စုဇယား ရှေ့၊နောက်
- လက်ထပ်စာချုပ် မိတ္တူ
- ကလေးရဲ့ မွေးစာရင်း မိတ္တူ

ဒီဟာတွေပဲထပ်လိုတာပါ....အဲစာရွက်တွေရယ် ဘဏ်မှာ ဘတ် ၁၅၀ သွင်းထားတဲ့ ချလံရယ်ကို ကောင်တာမှာပေးလိုက်ရင် ထောက်ခံစာလျှောက်လို့ရပါပြီ....အဲကောင်တာက နေ့လည် ၁၂ဆို ပိတ်တာမလို့ ၁၂မတိုင်ခင် အပေါ်ကဟာတွေပြီးနေဖို့လိုပါတယ်နော်....သူတို့စာရွက်တွေစစ်ပြီးရင် ၂ရက်ခွာပြီး ချိန်းပါတယ်...အင်္ဂါနေ့မှာ တင်ခဲ့ရင် ကြာသပတေး ညနေ ၃နာရီ ထောက်ခံစာလာထုတ်ဖို့ပြောပါတယ်
အကြံပေးချင်တာက အဲနေ့မှာ မွေးတိုးလျှောက်ဖို့ ဖြည့်ရမယ့် form တွေကို ကောင်တာ ၃မှာ တခါတည်း တောင်းခဲ့ပြီး အိမ်မှာအေးဆေးဖြည့်ထားပါ

ထောက်ခံစာလာထုတ်ခိုင်းတဲ့နေ့မှာ သူတို့ထုတ်ပေးတဲ့ ထောက်ခံစာရယ်၊မွေးတိုးလျှောက်ဖို့ ဖြည့်ထားတဲ့စာရွက်တွေရယ်၊ သူတို့ list ပေးထားတဲ့ စာရွက်စာတမ်းတွေရယ်နဲ့ မွေးတိုးတင်ရပါမယ်
list ပေးထားတဲ့ စာရွက်စာတမ်းတွေကတော့
- မိဘ passport bio page ၊ visa stamp page
- မိဘ မှတ်ပုံတင် ရှေ့၊နောက်
- မိဘ အိမ်ထောင်စုဇယား ရှေ့၊နောက်
- လက်ထပ်စာချုပ် မိတ္တူ
- ကလေးရဲ့ မွေးစာရင်း မိတ္တူ
- အခွန်ဆောင်ထားတဲ့စာရွက် မိတ္တူ
အဲတာတွေအကုန်ပေါင်းပြီး မွေးတိုးတင်ရပါတယ်....မြန်မာနိုင်ငံက လဝက ကို ပို့ပြီး စစ်ဆေးမှာ ဖြစ်တဲ့အတွက် ၁လ ၂လ ထပ်ကြာမယ်၊ ရရင် ဖုန်းဆက်မယ်ပြောပါတယ်

🔸️ 3rd Part 🔸️
နိုဝင်ဘာလကုန်မှာတော့ သံရုံးက ဖုန်းဆက်လာပါတယ်....ကလေး passport စာအုပ်လုပ်ဖို့ ကလေးကိုပါ ခေါ်ပြီးလာခဲ့ဖို့ မှာပါတယ်....အဲနေ့လည်း မနက် ၉နာရီ ရောက်ရင် ပိုအဆင်ပြေပါတယ်

အဲနေ့ သံရုံးကိုရောက်တော့ ကလေး passport ရပြီပြောလို့လာထုတ်တာဆိုပြီးပြောလိုက်တော့ form ၃စုံ ထုတ်ပေးပါတယ်....passport စလျှောက်တုန်းက ပထမဆုံးဖြည့်ရတဲ့ form တွေပါပဲ....အဲတာကိုပဲ ထပ်ဖြည့်ရတာပါ....အဲတာတွေ ဖြည့်ပြီးရင် အခွန်ဌာနကို ထပ်သွားပါ....ဟိုတခေါက် အခွန်ဆောင်ထားတဲ့ လနဲ့ ခုနဲ့က ၃လလောက်ကွာသွားပြီမလို့ update အခွန်ဆောင်ရပါတယ်

လိုတဲ့ စာရွက်စာတမ်းကတော့ အရင်တစ်ခေါက် အခွန်ဆောင်တာနဲ့ တူတူပါပဲ....လိုတဲ့စာရွက်စာတမ်းတွေပေး၊အခွန်ကိုတွက်၊ ဘဏ်မှာသွားသွင်း၊ အခွန်ပြေစာထုတ်၊ မိတ္တူကူး အဲဒါတွေလုပ်ပြီးရင် ကောင်တာ ၃ မှာ ခုနက ဖြည့်ထားတဲ့ ဖောင် ၃စောင်ရယ်၊ အခွန်ပြေစာမိတ္တူရယ်၊ မွေးတိုးလျှောက်တုန်းက တွဲတင်ရတဲ့ စာရွက်တွေရယ်နဲ့ တစ်ခေါက် ထပ်တင်ရပါတယ်....အဲဒိကောင်တာရှေ့မှာပဲ စောင့်နေပြီး ခဏကြာတော့ ဖြည့်ထားတဲ့ ဖောင်ပေါ်မှာ အဲနေ့ရက်စွဲနဲ့ အမှတ်စဥ်ကို တုံးထုပေးပြီး ကလေးနာမည်နဲ့ ဘဏ်မှာ ဘတ် ၁၂၅၀ သွင်းရပါတယ် (ဒီတခေါက်တော့ mobile banking နဲ့ သွင်းလို့ရပါတယ်)

ငွေသွင်းထားတဲ့ screenshot ကို စာရွက်ထုတ်ပြီးရင်တော့ ခုနက စာရွက် အတွဲလိုက်ကြီး နဲ့ ပေါင်းပြီး ဓါတ်ပုံရိုက်တဲ့ကောင်တာနေရာကိုသွားရပါတယ်....သူတို့က စာရွက်တွေကို စစ်ပြီးရင် အဲရှေ့နားမှာပဲစောင့်ဖို့ပြောပါတယ်....ပြီးရင်တော့ အလှည့်ရောက်တဲ့အခါ ကလေးနဲ့ ဝင်ပြီး ဓါတ်ပုံရိုက်ရပါတယ်...ကလေးက လက်မှတ်မထိုးတတ်သေးတာကြောင့် မိဘကပဲ အမှန်ခြစ်ခြစ်ပေးရပါတယ်..... အဲဒိကောင်တာမှာ နေ့လည် ၁၂မတိုင်ခင် ပြီးရင်တော့ စာအုပ်က စောစောရပါတယ်....နေ့လည်ထမင်းစားပြီးချိန် ၁နာရီခွဲလောက်မှ ဓါတ်ပုံရိုက်ပြီးရင်တော့ ညနေ ၃နာရီခွဲလောက်မှ ကောင်တာ ၃ မှာစာအုပ်ရပါတယ်
ခုပြောပြထားတာကတော့ တဆင့်ချင်း အသေးစိတ်ပါ....အကျဥ်းချုပ်လိုတာတွေကို video ထဲမှာ ပြန်ပြောပြပေးထားပါတယ်

အားလုံးပဲ နားလည်ပြီး အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်
အချိန်ပေးပြီးဖတ်ပေးကြတာ ကျေးဇူးတင်ပါတယ်
လိုအပ်တဲ့ လူတွေဆီ share ပေးလို့ရပါတယ်....တိုက်ရိုက်ကူးယူခြင်း မပြုကြဖို့ မေတ္တာရပ်ခံပါတယ်

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ 🍀

#ကလေးပတ်စ်ပို့

11/11/2025

ဘန်ကောက်မှာ ယမုံ ဘာအလုပ်လုပ်လဲ ဆိုတာ ဒီ video လေးမှာ ပြောပြထားပါတယ်

အလုပ်သွားရတဲ့နေ့ မနက်ကနေ ညထိ အစအဆုံး ရိုက်ထားတာပါ....vlog ရိုက်တဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင် ယမုံတို့ Phyathai 3 ဆေးရုံကြီးရဲ့ 29th Anniversary ဖြစ်တာကြောင့် တကယ်ကို အမှတ်တရပါပဲ...ပွဲမှာ ပါဝင်ဆင်နွှဲတာလေးပါဖြည့်ထားမလို့ vlog လေးက ပိုပြည့်စုံသွားပါတယ်

အားလုံးပဲ ဘဝအမောတွေ ပြေကြပါစေ 💙

ယူတို့သိချင်နေကြတဲ့ အချောလေးကို အလင်းပြလိုက်ပြီနော်တို့ဆေးရုံမှာအဲလိုချောချောလေးတွေအများကြီးရှိပါတယ် 🥰မယုံရင်ဆေးရုံလာကြည...
15/08/2025

ယူတို့သိချင်နေကြတဲ့ အချောလေးကို အလင်းပြလိုက်ပြီနော်
တို့ဆေးရုံမှာအဲလိုချောချောလေးတွေအများကြီးရှိပါတယ် 🥰
မယုံရင်ဆေးရုံလာကြည့် 😄
Welcome to Phyathai 3 hospital which offers best medical care with affordable price ☺️

01/08/2025

စိတ်ဖိစီးမှုများတဲ့ နေ့စဥ်ဘဝ ထဲက ခဏ ထွက်ပြီး ငယ်သူငယ်ချင်းတွေ နဲ့ ငယ်ငယ်တုန်းကလို ကစားကွင်း မှာ ပျော်ပျော်ပါးပါး သွားကစားဖြစ်ကြလား?? မသွားဖြစ်သေးရင် တခါလောက် သွားကြည့်ဖို့တိုက်တွန်းပါရစေရှင်

ယမုံကတော့ ငယ်ငယ်တုန်းကတည်းက ကစားကွင်းသွားရရင် အရမ်းပျော်တယ်....roller coaster ဆို ၃ခေါက်လောက်တန်းစီ ပြန်ဆော့ တနေကုန်မနားတမ်း ဆော့ခဲ့တာ....ခုတော့ တချို့ rides တွေကို တွေးကြောက်ပြီး မစီးရဲတော့ပေမယ့် ငယ်သူငယ်ချင်းတွေနဲ့ ကစားကွင်း ပြန်သွားပြီးဆော့ရတဲ့ feeling က အရမ်းပျော်ဖို့ကောင်းပါတယ်...တစ်နိုင်ငံစီ တစ်နေရာစီ နေနေကြတဲ့ သူငယ်ချင်းတွေ ခဏစုံတုန်းလေး သွားဖို့ စီစဥ်ခဲ့ရတာမလို့ အရမ်းတန်ဖိုးထားပါတယ်

၂၀၀၀ ခုနှစ်ထဲကနေ ခုချိန်ထိခင်ခဲ့ကြတဲ့ ဆိုးတူကောင်းဖက် ဘဝရဲ့ ပထမဆုံးသူငယ်ချင်းတွေနဲ့ ကစားကွင်းသွားတုန်း အမှတ်တရ မှတ်တမ်းတင် ခဲ့တာလေးကို မျှဝေပေးလိုက်ပါတယ်...ဒီ video လေးကြည့်ပြီးအပျော်တွေ ကူးစက်နိုင်ပါစေ 💙

04/05/2025

ဘန်ကောက်မှာ ကလေးမွေးမယ့် မေမေဗိုက်လေးတို့အတွက် ယမုံ့ အတွေ့အကြုံလေးကို မျှဝေပေးချင်ပါတယ်ရှင်

ဘန်ကောက်မှာနေရင်း ယမုံ့မှာကိုယ်ဝန်ရှိလာတော့ ဘယ်ဆေးရုံမှာ ဗိုက်အပ်ရမလဲ....ဗိုက်အပ်တဲ့ဆေးရုံမှာပဲ အဲ OG နဲ့ပဲ မွေးချင်တာမလို့ စစချင်း OG ရှာရတဲ့ ကိစ္စက အရေးကြီးပါတယ်....ယမုံက ခွဲမွေးဖို့ပဲ ဆုံးဖြတ်ထားတာမလို့ ချုပ်ရိုးချုပ်တာကောင်းပြီး နောက်ဆက်တွဲ ပြသနာမရှိတဲ့ OG မျိုး၊ decision ပြတ်သားတဲ့ OG မျိုးလိုချင်တာနဲ့ လက်လှမ်းမီသလောက် ဆေးရုံတွေကို inquiry လုပ်ကြည့်ခဲ့ပါတယ်...တစ်ခုခုဆို အမြန်သွားလို့ရအောင် ကိုယ်နေတဲ့နေရာနားက ဆေးရုံဆိုပိုအဆင်ပြေပါတယ်

အဲဒိမှာ ယမုံလိုချင်တဲ့အချက်တွေရနိုင်လောက်တယ်လို့ ယူဆတဲ့ recommendation ကောင်းတဲ့ OG ဆရာဝန် နဲ့တွေ့ပြီး ပြဖြစ်ခဲ့ပါတယ်...ပထမဆုံးပြကြည့်ပြီး နောက်ပိုင်းအဆင်ပြေရင်ဆက်ပြမယ်လို့စဥ်းစားထားရာက တကယ်အဆင်ပြေတာနဲ့ အဲဆရာဝန်နဲ့ပဲ ပြပြီး အဲဆရာဝန်နဲ့ပဲ မွေးခဲ့ပါတယ်

ယမုံ AN care ယူတာရော ကလေးမွေးတာရောက Ladprao General Hospital မှာမွေးခဲ့တာပါ....ဆေးရုံက စျေးအသင့်အတင့် နဲ့ service ကောင်းတဲ့ဆေးရုံပါ....OPD ပြရတာလည်း အရမ်းစောင့်စရာမလိုဘဲ ဆေးရုံအသွားအပြန်ကိုလည်း အကြိုအပို့လုပ်ပေးပါတယ်....စကားပြန်အမတွေ ညီမလေးတွေကလည်း ကူညီပေးပါတယ်....OG ကလည်း English လိုကောင်းကောင်းပြောနိုင်တာမလို့ စကားပြောရတာလည်းအဆင်ပြေပါတယ်....AN care က တစ်လတစ်ခါပြရပါတယ်....USG လိုတဲ့အခေါက်တွေရှိသလို သွေးစစ်ရတဲ့အခေါက်တွေလဲရှိပါတယ်....မွေးခါနီး 32 weeks ကျော်တော့ ၂ပတ်တစ်ခါ ပြရပါတယ်

ကလေးမွေးမယ့်ရက်နဲ့အချိန်ကိုလည်း ကိုယ့်စိတ်ကြိုက်ရွေးလို့ရပါတယ်....OG က ၃၈ပတ်ကျော်တာနဲ့ ကြိုက်တဲ့ရက်နဲ့အချိန်ယူလို့ရတယ်ကြိုပြောပေးပါတယ်

ကလေးမွေးဖို့ဆေးရုံတက်ရတဲ့အခါ များသောအားဖြင့် OG တွေက မနက် ၈နာရီမွေးမယ်ဆိုရင် မနက် ၆နာရီမှ ဆေးရုံအရောက်လာတက်ခိုင်းပါတယ်....ပြီးတာနဲ့တခါတည်း ကလေးနှလုံးခုန်နှုန်းအတွက် CTG ဆွဲ၊ ဝမ်းချူ၊ သန့်ရှင်းရေးလုပ်၊ ဆီးပိုက်ထည့်၊ cannula ထိုး ဆေးချိတ်ပြီး ခွဲခန်းဝင်ဖို့ အသင့်စောင့်နေခိုင်းပါတယ်...မေ့ဆေးဆရာမကြီးက အရင်လာပြီး ရောဂါအခံ ရှိမရှိ ဆေးမတည့်တာရှိမရှိ လာမေးပါတယ်...ဘယ်လို ထုံဆေးသုံးမယ် ဘယ်လိုခံစားရမယ် ဘာလုပ်မယ်ဆိုတာ အသေးစိတ်ရှင်းပြပေးပါတယ်

ခွဲခန်းရော ဆရာဝန်ရော အဆင်သင့်ဖြစ်ပြီဆိုရင် ကိုယ့်ကို လာခေါ်ပြီး ခွဲစိတ်ခန်းထဲကို ပို့ပါတယ်....ပုစွန်ထုတ်လို ခန္ဓာကိုယ်ကိုကွေးပြီး ခါးဆစ်ရိုးထဲကို ထုံဆေးထိုးပါတယ်....ဗိုက်နဲ့ဆိုတော့ကွေးရတာတော်တော်မလွယ်တဲ့အတွက် ဆရာမတစ်ယောက်က ကူပေးပါတယ်....ထုံဆေးထိုးပြီးနောက် ခါးဆစ်ရိုးတစ်လျှောက် ပူခနဲဖြစ်ပြီး ခြေထောက်တစ်လျှောက်ပူဆင်းသွားပါတယ်...ဒါပေမယ့် သူတို့ ထုံမထုံစမ်းသပ်တဲ့အခါ မထုံဘဲဖြစ်နေတာမလို့ မေ့ဆေးပေးပြီး သားလေးကိုမွေးခဲ့ရပါတယ်

သတိပြန်ရလာတဲ့အခါ သားလေးက nursery မှာရောက်နေပါပြီ....​ယမုံသတိရလာတာနဲ့ ခွဲစိတ်တာအကုန်အဆင်ပြေကြောင်း သားလေးလည်းကျန်းမာပြီးအဆင်ပြေကြောင်း စကားပြန်ညီမလေးက လာပြောပြလို့စိတ်အေးရပါတယ်....ဒီမှာက ကလေးမွေးပြီးပြီးချင်း ကလေးကို အပူချိန်ညှိထားတဲ့ ထဲမှာထည့်ထားပေးပါတယ်....ပြီးတော့ nursery မှာပဲတောက်လျှောက်ခေါ်ထားပြီး ရေလည်း ချိုးပေးပါတယ်....နို့တိုက်တဲ့အချိန်ပဲ အမေဆီကိုလာပို့တာမလို့ အမေက ခွဲမွေးပြီးရင် အေးဆေးအနားယူလို့ရပါတယ်....ကိုယ်ကကလေးကို ခေါ်ထားချင်ရင်လည်း nursery က ၂နာရီကြားတခါ ကလေးကို လာလာကြည့်ပေးပါတယ်

သားလေးကို မနက်ပိုင်းမှာမွေးပြီး နေ့လည်လောက်မှာ ရေသောက်ခိုင်းပါတယ်....ညနေပိုင်းမှာ သွေးပေါင်လာချိန်ရင်းနဲ့ ဆရာမ ၂ယောက်က ယမုံ့ကို အိပ်ရာပေါ်မှာတင် တကိုယ်လုံးကို ဆပ်ပြာနဲ့သန့်၊ ရေပတ်တိုက်ပြီး ပေါင်ဒါပါလိမ်းပေးပြီး မွှေးပြီးသန့်ရှင်းသွားအောင်လုပ်ပေးတာ တော်တော်ကျေးဇူးတင်ရပါတယ်....လူကလည်း လန်းဆန်းသွားပြီး နေလို့ပိုကောင်းလာပါတယ်....ပြီးတော့ ဆေးရုံက စားဖို့ လာပို့ပေးပါတယ်....အဲအချိန်ဆေးရုံကုတင်ကို မတ်ပြီးထိုင်ရင် အဆင်ပြေနေပါပြီ....အောက်ကတော့သွေးတွေတော်တော်ဆင်းပါတယ်....နာတာမျိုးတော့မရှိပေမယ့် ခွဲထားတဲ့နေရာခပ်တင်းတင်းလေးဖြစ်တာကလွဲရင်အဆင်ပြေပါတယ်

နောက်နေ့မနက်အစော ရေပတ်လာတိုက်ပေးပြီး ခဏအကြာ ဆီးပိုက်ဖြုတ်ပေးပါတယ်....ဆီးပိုက်ဖြုတ်ပြီးတာနဲ့ ဆရာမတစ်ယောက်က ကူညီပေးပြီး လမ်းစလျှောက်ခိုင်းပါတယ်...ပြီးတာနဲ့ ရေချိုး ခေါင်းလျှော်လုပ်ခိုင်းပါတယ်....ချုပ်ရိုးကိုက ခွဲပြီးကတည်းက ရေစိုခံပလာစတာနဲ့ကပ်ပေးထားပြီးသားမလို့ အဆင်ပြေပါတယ်....နေ့လည် OG လာကြည့်ပြီးတာနဲ့ nursery ကခေါ်ပြီး နို့တိုက်နည်း၊ လေထုတ်နည်း၊ နို့ညှစ်စက်သုံးနည်း၊ နို့မှုန့်ဖျော်နည်း အကုန်သင်ပေးပါတယ်...ကလေးနဲ့လည်း လက်တွေ့လေ့ကျင့်ခိုင်းပြီး ကြည့်ပေးပါတယ်...လမ်းစလျှောက်ကတည်းက pelvic belt လေးပတ်ထားတာ တော်တော်အဆင်ပြေပြီး သက်တောင့်သက်သာရှိပါတယ်

နောက်တစ်ရက်မှာတော့ ကလေးကို ရေချိုးနည်း၊ ချက်၊နား၊နှာခေါင်းတို့ကို သန့်ရှင်းရေးလုပ်နည်းတို့ကို သေချာသင်ပေးပါတယ်....diaper လဲရင် သန့်ရှင်းရေးသေချာလုပ်ရမယ့်နေရာတွေကိုလည်းပြောပြပေးပြီး လက်တွေ့လည်း ကိုယ့်ကလေးကိုလုပ်ခိုင်းပါတယ်

မွေးပြီးနောက် ဘာ complications မှမရှိတာကြောင့် ဆေးရုံမှာ ၃ညအိပ် ပြီး ၄ရက်မြောက်နေ့မှာ အိမ်ပြန်ရပါတယ်....အိမ်မပြန်ခင် ကလေးအတွက် ဆေးရုံက လက်ဆောင်လေးတွေပေးပါတယ်....ဆေးရုံတက်တဲ့ တလျှောက်လုံးအတွက် အမေအတွက်ကအိမ်ပြန်မယ့်အဝတ်အစားနဲ့ မီးနေသည် diaper လေးဝယ်သွားရင်ရပါပြီ.....ကလေးအတွက်ကလည်း ပြန်မယ့်နေ့ဝတ်ပေးမယ့်အဝတ်အစားနဲ့စောင်ပဲလိုပါတယ်...ကျန်တာ ကလေးအတွက် အမေအတွက် ဘာမှကိုမလိုပါဘူး

ဆေးရုံမဆင်းခင်မှာ ကလေးရဲ့နာမည်ကို ကိုယ်ကရွေးပြီးပြီ သေချာတယ်ဆိုရင် ဆေးရုံကို နာမည်နဲ့ လိုအပ်တဲ့အချက်အလက်တွေပေးထားခဲ့ရင် ၁လလောက်ဆိုရင် မွေးစာရင်းက ထိုင်းလိုတစ်စောင် english လိုတစ်စောင် ရပါတယ်

OG က ၁ ပတ်အကြာမှာ ရက်ချိန်းပြန်ချိန်းပြီး အဲနေ့မှ ခွဲခန်းထဲက ကပ်ပေးလိုက်တဲ့ ပလာစတာကို ခွာပြီး အနာကိုသန့်ရှင်းရေးလုပ်ပေးပါတယ်...အဲထဲက ပလာစတာပြန်ကပ်စရာမလိုတော့ဘဲ အဆင်ပြေခဲ့ပါတယ်...OG ကတော့ ၄၅ရက်ပြည့်တော့မှပဲ သားဆက်ခြားဖို့အတွက် ဆွေးနွေးဖို့ရက်ပြန်ချိန်းပါတယ်

ကလေးအတွက်ကလည်း သူမွေးတဲ့အချိန်တည်းက ကြည့်ပေးခဲ့တဲ့ ဆရာမနဲ့ပဲ ဆက်တိုက်ပြခဲ့တာအဆင်ပြေပါတယ်....ဆရာမက စကားပြောပြတ်သားပြီး ကလေးကို ဂရုစိုက်တဲ့အတွက် သဘောကျပါတယ်

ကလေးနဲ့ OG တစ်ရက်တည်း အချိန် ရှေ့ဆင့်နောက်ဆင့်ပြလို့ရအောင် အရမ်းမစောင့်ရအောင် အမြဲစီစဥ်ပေးတဲ့ ဆေးရုံက အမတွေကိုလည်း ကျေးဇူးတင်ပါတယ်...ကိုယ့်နိုင်ငံမဟုတ်တဲ့နေရာမှာ ဒီလိုမျိုး အဆင်ပြေပြေ ချောချောမွေ့မွေ့မွေးနိုင်အောင် ကူညီပေးတဲ့အတွက် တကယ်ကျေးဇူးတင်ရပါတယ်

ယမုံကမနှစ်က ဧပြီလမှာ ကိုယ်ဝန်ဆောင်ပြီး ဒီဇင်ဘာမှာ သားလေးကို မွေးခဲ့တာပါ....စျေးနှုန်းတွေက အပြောင်းအလဲရှိနိုင်တာမလို့ အသေးစိတ်ထပ်သိချင်ရင် ဆေးရုံကို မေးလို့ရပါတယ်....မြန်မာ page လည်းရှိပါတယ်....ယမုံကိုယ်ဝန်ဆောင်တုန်းက ဆရာဝန်ပြခက ၁၀၀၀-၁၅၀၀ ဘတ်ဝန်းကျင်၊ USG ရိုက်တာ ၃၀၀၀-၄၀၀၀ ဘတ်ကြား၊ မွေးတာက အားလုံးအပြီးအစီး package ၆၂၉၀၀ ဘတ် ကျပါတယ်။ မွေးစာရင်း အတွက်က သပ်သပ်ထပ်ပေးရပါတယ်။

စာလည်းအတော်ရှည်သွားပြီလို့ထင်ပါတယ်....သိချင်တာမှန်သမျှ comment မှာမေးလို့ရပါတယ်...ယမုံ့ရဲ့စာက ဘန်ကောက်ရောက်နေတဲ့မေမေဗိုက်တို့အတွက် တစ်ခုခု အထောက်အကူပြုနိုင်ဖို့ မျှော်လင့်ပါတယ်ရှင့်

Best of luck!
Dr. Yamone

#ဘန်ကောက်ကလေးမွေး #ထိုင်းမှာကလေးမွေး #ခွဲမွေး #ဆေးရုံreview

Thailand TR visa interview အကြောင်းလေး ဝေမျှပေးချင်လို့ပါဟုတ်ပါတယ်....အဖတ်မှားတာမဟုတ်ပါဘူး....Tourist visa ကို Laos Sava...
26/03/2025

Thailand TR visa interview အကြောင်းလေး ဝေမျှပေးချင်လို့ပါ

ဟုတ်ပါတယ်....အဖတ်မှားတာမဟုတ်ပါဘူး....Tourist visa ကို Laos Savannakhet မှာ လျှောက်တာ interview ဖြေခဲ့ရပါတယ်

Laos Savannakhet ကို ဘာလို့သွားလဲဆိုတာနဲ့ Savannakhet မှာ နေခဲ့ရတဲ့ အတောအတွင်း သွားခဲ့စားခဲ့တာကို နောက်ပို့စ့် မှာ review သီးသန့်ရေးပေးပါမယ်

Laos Savannakhet မှာ ကိုယ်က Non B လျှောက်ရင်း နဲ့ အမျိုးသားက တခါတည်းလိုက်ပြီး TR visa လျှောက်တာပါ....သူက ဘာလို့ Non - O visa မလျှောက်လဲဆိုရင် Non B visa ရပြီးမှ Non O လျှောက်လို့ရတာမလို့ ကလေးထားခဲ့ရတာကြောင့် အချိန်မကြာချင်တာနဲ့ TR visa ပဲအရင်လျှောက်လိုက်တာပါ...နောက်မှ ကလေးနဲ့တူတူ visa လျှောက်မှာပါ

TR visa လျှောက်တာက Agent နဲ့လျှောက်တာပါ....Passport bio page, လာအိုအဝင်တုံး နဲ့ ဓါတ်ပုံ soft copy ပဲပေးရပါတယ်...E visa တင်ပေးပြီး ငွေသွင်းရမယ့် appointment date ကို သူတို့ယူပေးပါတယ်....တနင်္လာနေ့မှာ Non B ရော TR visa ရော တွဲလျှောက်တာပါ....Monday ငွေသွင်းခဲ့ပြီး Thursday နေ့လည် ၁၁ နာရီလောက်မှာ Non B visa Approved email ဝင်လာပါတယ်....အဲနေ့ နေ့လည် ၁၁ခွဲလောက်မှာတော့ TR visa အတွက် Interview လာဖြေဖို့ email ဝင်လာပါတယ်....ဖြေရမှာက Friday 2pm-4pm အတွင်းသွားရမှာပါ

ကိုယ်တွေလည်း TR visa ကို interview ဖြေခိုင်းတာ တခါမှမကြားဖူးတော့ ဘာဖြေရမလဲမသိ....လိုင်းပေါ်ရှာကြည့်တော့လဲ ရေရေရာရာမတွေ့....Agent ကတော့ လေယာဥ်လက်မှတ် booking နဲ့ ဟိုတယ် ၂ခု booking ပို့ပေးပါတယ်...အဲဒါနဲ့ လိုက်လျောညီထွေဖြစ်မယ့် scenario ကို ပြင်ဆင်ထားလိုက်ပါတယ်

ဖြေမယ့်နေ့သွားတော့ Officer က TR visa တင်တုန်းက လေယာဥ်လက်မှတ် နဲ့ပတ်သတ်ပြီး မေးချင်လို့ interview ခေါ်တာလို့ပြောပါတယ်....လေယာဥ်လက်မှတ်ကို visa တင်ခါနီးမှ ကပ်ပြီး booking တင်ထားတာ အဆင်မပြေလို့ပါတဲ့....အဲဒိအတွက် Booking က ကိုယ်တိုင်တင်တာလား receipt ပြပါလို့ပြောပါတယ်....အဲမှာအမျိုးသားက လေယာဥ်လက်မှတ်က ငါ့မိန်းမ ဖြတ်ထားပေးတာ....ခရီးစဥ်သေချာမှ ဖြတ်တာမလို့ visa တင်တဲ့ရက်နဲ့ ကပ်သွားတာလို့ပြောလိုက်ပါတယ်....တစ်ခုကံကောင်းသွားတာ အမျိုးသားက သင်္ဘောသားမလို့ သူ့ passport ထဲမှာ Schengen Visa valid ဖြစ်နေတာရှိသေးတော့ အဲဒါပြပြီး " ငါကမင်းတို့နိုင်ငံမှာအကြာကြီးလည်းနေမှာမဟုတ်ဘူး ပြီးရင်ငါက သင်္ဘောပြန်တက်ရမှာ ဒီမှာ အဲဒိအတွက် visa လည်းရှိထားပြီးသား....ငါ့မိန်းမက ဘန်ကောက်မှာအလုပ်လုပ်နေလို့ ခဏလာလည်တာ" ဆိုပြီးပြောလိုက်တော့မှ flight ticket receipt ကို ထပ်မတောင်းတော့ဘဲ ok ok ဆိုပြီး visa တနာရီအတွင်း ရမယ်လို့ပြောပြီး ပြန်လွှတ်လိုက်ပါတယ်

သံရုံးကနေပြန်ထွက်လာပြီး agent ကို အကျိုးအကြောင်းပြောပြတုန်းပဲရှိသေးတယ် TR visa approved email ဝင်လာပါတယ်....၁၅မိနစ်အတွင်းဝင်လာတာပါ

ယမုံတို့ ကြုံတွေ့ခဲ့ရတဲ့ TR visa interview အတွေ့အကြုံကတော့ ဒီလောက်ပါပဲ ပိုတာလိုတာမရှိ ကြုံခဲ့ ပြောခဲ့ရတဲ့အတိုင်း ရေးပေးထားပါတယ်....အလားတူ အဖြစ်မျိုးကြုံခဲ့ရင် တစုံတရာ အကူအညီဖြစ်ဖို့ မျှော်လင့်ပါတယ်

Laos Savannakhet 🇱🇦 မြို့လေးအကြောင်း review သီးသန့်က နောက်ပို့စ် မှာတင်ပေးပါမယ်

အဆုံးထိဖတ်ပေးတာကျေးဇူးပါရှင့်

မီးဖွားပြီးတစ်လပြည့် အမှတ်တရဒီစာကို ဆရာဝန်တစ်ဦးအနေ နဲ့ မဟုတ်ဘဲ သားဦးလေးမွေးထားတဲ့ မေမေ အသစ်လေး အနေ နဲ့ ရေးထားတာပါ...ရည...
21/01/2025

မီးဖွားပြီးတစ်လပြည့် အမှတ်တရ

ဒီစာကို ဆရာဝန်တစ်ဦးအနေ နဲ့ မဟုတ်ဘဲ သားဦးလေးမွေးထားတဲ့ မေမေ အသစ်လေး အနေ နဲ့ ရေးထားတာပါ...ရည်ရွယ်ချက်ကတော့ မီးဖွားပြီးစ မေမေတွေ ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေစိန်ခေါ်မှုတွေဟာ ကိုယ်တစ်ယောက်တည်းဖြစ်နေတာမဟုတ်ဘဲ အနည်းနဲ့အများ မေမေတိုင်းကြုံတွေ့နေကြရတယ်ဆိုတာလေး အားပေးချင်လို့ပါ

သားလေးမမွေးခင် ကလေး ပြုစုစောင့်ရှောက်နည်းတွေ၊ မွေးပြီးခါစ ဖြစ်တတ်တဲ့ postpartum blue အကြောင်း၊ ကလေးလေး ဖွံ့ဖြိုးမှူအဆင့်ဆင့်၊ မိခင်နို့အောင်မြင်အောင်တိုက်ကျွေးနည်းအစရှိသဖြင့် လက်လှမ်းမီသလောက် ဖတ်ဖြစ် မှတ်ဖြစ်ခဲ့ပါတယ်....ဒါပေမယ့် တကယ်တမ်းကြုံတွေ့လာရတဲ့အခါ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ပါတယ်...ကျွန်မရဲ့ကိုယ်တွေ့အဖြစ်အပျက်လေးတွေနဲ့ယှဥ်ပြီးပြောပြပါမယ်

ဆေးရုံကဆင်း အိမ်ပြန်ရောက်တဲ့နေ့ကစပြီး တစ်ပတ်လောက်က ခုပြန်မတွေးချင်လောက်အောင် စိတ်ရော လူရောပင်ပန်းခဲ့ပါတယ်...အမျိုးသားက သင်္ဘောပေါ်မှာ၊ အိမ်မှာလည်း အဖေ နဲ့ အမေ ပဲရှိတာမလို့ လူကြီးတွေကို အကူအညီတောင်းရမှာအားနာတာရယ် ငါအမေဖြစ်ပြီ ငါတာဝန်ကျေရမယ် ငါအကုန်လုပ်မယ် ဆိုပြီး သားလေးအတွက် perfect mom ဖြစ်ချင်ရာက ကိုယ့်ကိုကိုယ် စိတ်ရော လူရော ညှင်းဆဲသလို ဖြစ်မှန်းမသိဖြစ်ခဲ့ပါတယ်...ခွဲထားတဲ့ဒဏ်ရာကိုတောင်ဂရုမစိုက်နိုင်ဘဲ ကလေးဝေယာဝစ္စအကုန်လုပ် နို့ထွက်ဖို့ နို့ဝင်ဖို့ကြိုးစားနဲ့ ၂၄နာရီမှာ အိပ်ချိန်ဆိုတာ ဘယ်လောက်မှန်းတောင် မသိပါဘူး....ဖေဖေ နဲ့ မေမေ ကကူမယ်ဆိုလည်း ကိုယ်ပဲအကုန်လုပ်ချင်နေခဲ့တာပါ

နောက်တစ်ခုက သားလေးမွေးတဲ့နေ့ကစပြီး မိခင်နို့တိုက်ဖို့ရုန်းကန်ရပါတယ်...နို့ရည်ကြည်ပဲထွက်သေးတဲ့အပြင် သားလေးကလည်း သေချာငုံပြီးစို့တတ်ဖို့ကြိုးစားနေရသလို ကျွန်မကလည်း သူသေချာစို့နိုင်အောင် အဆင်ပြေမယ့် ချီနည်း နို့တိုက်နည်းကိုစမ်းနေရတဲ့အချိန်ပါ....နို့ကမထွက်၊ သေချာလည်းမငုံတတ်သေးတာမလို့ နို့ဆာလို့ငိုတဲ့သားလေးကိုကြည့်ပြီး အရမ်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်....သူငိုရင် ကိုယ်ပါလိုက်ငိုမိတယ်...ကလေးကို နို့တိုက်ဖို့ကြိုးစားလိုက် သူစို့လိုက်မစို့လိုက်ကိုစောင့် နောက်ဆုံးလေထုတ်ပေးပြီး ကျန်တာ နို့ညှစ်စက်နဲ့ညှစ်ပြီးတဲ့အချိန်မှာ နောက်တစ်ခေါက်ထပ်တိုက်ဖို့အချိန်ပြန်ရောက်လာရင်းနဲ့ လူကဘယ်လိုမှမနားရတော့ စိတ်တွေညစ်လာတယ်...စီနီယာမေမေတွေကိုလည်း သူတို့တုန်းက ဘယ်လိုနို့ထွက်အောင်လုပ်လဲလိုက်မေးပြီး ပြောတာတွေအကုန်လိုက်လုပ်...သူတို့ထွက်သလိုမထွက်တဲ့အခါ စိတ်ဓါတ်ကျလိုက် ငိုလိုက်နဲ့ စိတ်ဖိစီးမှုများလာပါတော့တယ်

အဲအချိန်သားလေးကလည်း နေ့ညမှားနေတုန်းဆိုတော့ ညဖက်တွေနိုးနေပြီး ဟိုကြည့်ဒီကြည့်လုပ် ကိုယ်ကလည်းသူ့လှုပ်ရှားမှုတွေကို ထိုင်ကြည့်ပြီး normal reflex လား ရောဂါလား တချိန်လုံးစဥ်းစားနေမိတာပါ....ဒီလိုမျက်လုံးအပေါ်တက်သွားတာ ပုံမှန်မှဟုတ်ရဲ့လား လက်က ဒီလိုလှုပ်နေတယ် မှန်ရဲ့လား အဲလိုနဲ့ ဆိုက်ကိုတကယ်ဝင်ခဲ့တာ ခုပြန်တွေးရင်တောင် အသက်ရှူကျပ်ပါတယ်

နောက်ဆုံးစဥ်းစားလာမိတာက ငါသားလေးကို တကယ်ပြုစုပျိုးထောင်နိုင်ပါ့မလား ဆိုပြီး ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေပါပျောက်ဆုံးလာတဲ့အထိပါပဲ....ငါ သားလေးကိုခုလုပ်ပေးနေတာတွေက မှန်ရဲ့လား သူထိခိုက်သွားမလား စိုးရိမ်လွန်ခဲ့မိပါတယ်....အခန်းထဲကအခန်းပြင်တောင်မထွက်တော့ဘဲ တစ်ချိန်လုံး သားလေးနဲ့ပဲ ငိုလိုက် စိုးရိမ်လိုက် စိတ်ဓါတ်ကျလိုက် ဖြစ်နေခဲ့တာပါ

အဲလိုစိတ်ဖိစီးမှုတွေများလို့နိ့မထွက်၊ နို့မထွက်လို့ စိတ်ဓါတ်ကျ နဲ့ မုန့်လုံးစက္ကူကပ်ဖြစ်ပြီး ၅ရက်မြောက်နေ့မှာ သားလေး အသားဝါချင်သလိုလိုဖြစ်တာနဲ့ ဆေးခန်းပြရပါတယ်...မီးပြရလောက်အောင် ဝါတာမဟုတ်လို့ နို့များများဝင်အောင်တိုက်ဖို့ပဲ လိုခဲ့ပါတယ်....အမေနို့ကလည်း supply နဲ့ demand မမျှတာကြောင့် ကလေးဆရာဝန် အမက နို့မှုန့်ကူခိုင်းပါတယ် ( နို့မှုန့်တိုက်တာ အားပေးတဲ့ပို့စ်မဟုတ်ပါဘူးနော်...အခြေအနေအရ ခဏကူရတာမျိုးပါ...မိခင်နို့ကသာအကောင်းဆုံးပါ)...ပြီးတော့ ကလေးဆရာဝန်အမက ကျွန်မစိတ်ဓါတ်ကြံ့ခိုင်ဖို့ စိတ်ဓါတ်မကျဘဲ စိတ်ဖိစီးမှုတွေလည်းလျှော့ဖို့ သေချာလေးဆွေးနွေးပေးပါတယ်...အိမ်အပြန်လမ်းမှာလည်း မေမေတို့က ထပ်ပြီး အားပေး ပါတယ်....သူတို့အကူအညီယူဖို့ နားဖို့ ပြောပါတယ်

နောက်ဆုံးမှာတော့ ကျွန်မရဲ့စိတ်ကို ကိုယ်တိုင်ဘဲ ကြိုးစားပြောင်းလဲရပါတယ်....အဓိကက စိုးရိမ်လွန်တဲ့စိတ်နဲ့ အရာအားလုံး ကိုယ်ပဲလုပ်ချင်တဲ့စိတ်ကို ဖျောက်ပြီး ဘေးကလူတွေရဲ့အကူအညီကိုယူပါတယ်....ခံစားနေရတဲ့ စိတ်အတက်အကျတွေကိုလည်း ဒီအချိန် ဟော်မုန်းအပြောင်းအလဲမလို့ ဒါတွေခံစားနေရတာ အမြဲတမ်းမဟုတ်ဘူး ဆိုတာမျိုး ကိုယ့်ကိုကိုယ် ပြန်သတိပေးဖြစ်ပါတယ်...အဲလိုမျိုး လုပ်လာတော့ တဖြည်းဖြည်း အကောင်းဘက်ကတွေးတတ်လာတယ်....ပြီးပြည့်စုံတဲ့ မေမေ ဖြစ်ချင်စိတ်လျော့လာပြီး အကောင်းဆုံးကြိုးစားမယ့်မေမေ ဖြစ်လာတယ်

ခုတော့ သားလေးလည်း တစ်လပြည့်ပြီ...နေ့ညလည်း မမှားတော့ဘဲ ညဘက်ကောင်းကောင်းအိပ်ပြီ....အမြဲချီထားစရာမလိုဘဲ သူ့ဘာသူလည်း အိပ်တတ်နေပြီ....အမေတစ်ယောက်တည်းကို အရမ်းကပ်နေတာမျိုးမဟုတ်ဘဲ ဖိုးဖိုး နဲ့ ဖွားဖွား ထိန်းပေးလဲ အေးအေးဆေးဆေး လက်ခံပြီး နေတတ်ပြီ....ဆိုတော့ ဒီမေမေ အနားရသင့်သလောက်ရနေပါပြီ....နို့က ပိုထွက်လာပေမယ့် သူသောက်တဲ့ပမာဏလည်းများလာတာမလို့ ကာမိအောင် ကြိုးစားနေရတုန်းပါပဲ....အရင်နဲ့ မတူတော့တာတော့ အရင်လိုစိတ်ဓါတ်မကျဘဲ အကောင်းဆုံးကြိုးစားမယ် သားလေး ကျန်းမာအဆင်ပြေရင်ရပြီ ဆိုတာမျိုးပဲ ပိုတွေးဖြစ်ပါတော့တယ်

အဲတာကြောင့် ခု မွေးကင်းစ ကလေးလေး ရှိတဲ့မေမေတွေ စိတ်ဓါတ်ကျ စိတ်ဖိစီးမှုများတဲ့အခါ ကိုယ်တစ်ယောက်တည်းကြိတ်မခံစားဘဲ ဘေးက အကူအညီယူပါ...ခုကြုံတွေ့နေရတာတွေက ခဏပဲမလို့ အချိန်နဲ့အမျှ ပိုအဆင်ပြေလာမှာလို့တွေးပါ...မိခင်နို့တစ်မျိုးထဲတိုက်ချင်ပေမယ့် အကြောင်းကြောင်းကြောင့် နို့မှုန့်ကူရတဲ့အခါမှာလည်း စိတ်အားမငယ်ဘဲ ကိုယ့်ကလေးလေးကျန်းမာအဆင်ပြေဖို့ပဲတွေးပါ...social media တွေမှာ တခြားကလေးတွေကိုကြည့်ပြီး ကိုယ့်ကလေးနဲ့ နှိုင်းယှဥ်တာမျိုးထက် ကိုယ့်ကလေးနဲ့ကိုယ် မနေ့ကထက် ဒီနေ့ဘာတွေ ပိုအဆင်ပြေလာပြီလဲဆိုတာမျိုး ပိုတွေးပေးပါ...အဲလိုဆို စိတ်ဖိစီးမှုလည်း တဖြည်းဖြည်းလျော့လာပြီး စိတ်လည်းပိုကြည်လင်လာပါလိမ့်မယ်...ကလေးလေးနဲ့လည်း ပျော်ဖို့ကောင်းတဲ့အမှတ်တရတွေ ပိုဖန်တီးဖြစ်လာပါလိမ့်မယ်

အပေါ်မှာ ကျွန်မပြောခဲ့တဲ့ အဖြစ်အပျက်လေးတွေကို ဖတ်ကြည့်ပြီး မေမေ အသစ်ကလေးတွေလည်း စိတ်ခွန်အား တစ်စုံတစ်ရာ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်...သေချာတာကတော့ ခု မေမေတို့ ခံစားနေရတာတွေဟာ တဒင်္ဂပါပဲ....တစ်ယောက်တည်းခံစားရတာမဟုတ်ဘဲ အားလုံး အနည်းနဲ့အများ ကြုံတွေ့နေရတာမလို့ စိတ်ဓါတ်မကျဘဲ တူတူကျော်ဖြတ်ကြရအောင်ပါ ☺️ ရင်ဖွင့်ချင်တာရှိရင်လည်း comment မှာ ပြောလို့ရပါတယ်ရှင် 😊

အောက်ကပုံလေးတွေမှာလည်း အဆင်ပြေလာပုံအဆင့်ဆင့် ရေးထားပါတယ်




#မွေးကင်းစ

မွေးနေ့ 🎂ထိပ်စီးပြောင်း မွေးနေ့အမှတ်တရစာလေး ရေးချင်ပါတယ်မွေးနေ့နဲ့ပတ်သတ်လို့ ပြန်စဥ်းစားမိရင် ကောင်းတဲ့ memories တွေပဲ စ...
23/11/2024

မွေးနေ့ 🎂
ထိပ်စီးပြောင်း မွေးနေ့အမှတ်တရစာလေး ရေးချင်ပါတယ်

မွေးနေ့နဲ့ပတ်သတ်လို့ ပြန်စဥ်းစားမိရင် ကောင်းတဲ့ memories တွေပဲ စဥ်းစားမိတယ်....ဟိုးငယ်ငယ် သိတတ်စအရွယ်ထဲက ဖေဖေ မေမေ တို့က အသက်အရွယ်အလိုက် မွေးနေ့ပွဲ တစ်နှစ်မပျက် လုပ်ပေးကြတယ်...အိမ်မှာပြင်ဆင် ချက်ပြုတ်၊ အမျိုးတွေ သူငယ်ချင်းတွေ အများကြီး ဖိတ်၊ မွေးနေ့ကိတ်ခွဲ၊ လက်ဆောင်တွေဖောက် နဲ့ ပျော်စရာကြီးပေါ့....ဆယ်ကျော်သက်နောက်ပိုင်းရောက်တော့ မွေးနေ့မှာ အလှူလုပ်တဲ့အပိုင်းက ပိုများလာတယ်....စတုဒိသာကျွေးတာမျိုး၊ ကလေးဆေးရုံက ကလေးလေးတွေကို နေ့လည်စာကျွေးတာမျိုး၊ သွေးလှူတာ၊ တရားစခန်းတွေကို လှူတာ စသဖြင့် ဖေဖေ မေမေ တို့ကပဲ အဓိက စီစဥ်ပေးပြီး ကိုယ်က လခထဲက တတ်နိုင်သလောက်ထည့် လုပ်အားကူ အဲလိုမျိုးလှူဖြစ်ခဲ့တယ်...မနက်ပိုင်းလှူပြီး ညနေပိုင်း ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ ဆွေမျိုးအနည်းအကျဥ်းနဲ့ ညစာလေးစားပြီး မွေးနေ့ တစ်နေ့တာ ဖြတ်သန်းလာခဲ့တာ ခုဆို ထိပ်စီးတစ်ခုပြောင်းခဲ့ပြန်ပါပြီ။

ဒီနှစ်မွေးနေ့မှာ အတိတ်ကို reflect လုပ်ရင်း အနာဂတ်ကို ဘယ်လိုဖြတ်သန်းမလဲတွေးမိတယ်....ဒီနှစ်မွေးနေ့မှာ ကိုယ်တိုင်လည်း ကိုယ်ဝန်ဆောင်နေရတာမလို့ ထူးခြားတဲ့နှစ်တစ်နှစ်ဆိုရင်လည်း မမှားပါဘူး....ပြန်တွေးကြည့်ရင် မွေးနေ့မှာ ကိုယ့်ကို ဝမ်းနဲ့လွယ်ပြီး မွေးပေးခဲ့တဲ့ မေမေ၊ သူများထက်မနိမ့်ကျအောင် အစစအရာရာ လိုအပ်သမျှ ဖြည့်ဆည်းဖို့အတွက် ပင်ပန်းခဲ့ရတဲ့ ဖေဖေ တို့နဲ့ သီးသန့်အချိန်ကုန်တာ နည်းပါတယ်....သူတို့ခေါ်ခဲ့လို့ လူ့ဘဝထဲရောက်လာခဲ့တဲ့ နေ့မှာသူတို့ဖြည့်ဆည်းပေးသမျှ အဆင်သင့် ခံစားရင်း အထူးသဖြင့်မွေးနေ့မှာ ကန်တော့တာကလွဲလို့ သူတို့နားမှာ ရှိနေပေးတာမျိုး မလုပ်ဖြစ်ခဲ့တာများပါတယ်....

တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာတာ ကိုယ်တိုင်တင်မဟုတ်ဘဲ ဖေဖေ မေမေ တို့ပါ အသက်ကြီးလာတာမလို့ ဘယ်သူအရင်ထွက်သွားရမလဲမသိတဲ့ ဘဝမှာ အနားမှာ ရှိနေတုန်းလေး အထူးသဖြင့် ကိုယ့်မွေးနေ့မှာ ကိုယ့်အတွက်ပွဲကျင်းပတာမဟုတ်ဘဲ လူ့ဘဝထဲရောက်အောင် ခေါ်လာပေးပြီး ခုချိန်ထိ လိုအပ်သမျှ ဖြည့်ဆည်းပေးနေတဲ့ မိဘတွေကို ကျေးဇူးတင်တဲ့ပွဲမျိုးပဲလုပ်ချင်လာတယ်....သူတို့စားချင်တာလေးကျွေး သူတို့သွားချင်တာလေးလိုက်ပို့ နဲ့ မွေးနေ့ကို အဲလိုပဲ ဖြတ်သန်းချင်မိတယ်...ပီတိလည်းဖြစ်ရသလို ပိုလည်းပျော်ရတယ်လို့ ခံစားမိတယ်

ဘုရားကလည်း အကောင်းဆုံးမွေးနေ့လက်ဆောင်လေးတွေပေးတတ်တယ်....၂၀၂၂ ခုနှစ် မွေးနေ့မှာ ကိုယ့်ကို တန်ဖိုးထား စေတနာရှိပြီး ချစ်ခင်ကြင်နာစောင့်ရှောက်ပေးတဲ့ အမျိုးသားကို လက်ဆောင်ပေးတယ်...၂၀၂၄ ခုနှစ် ဒီနှစ်မှာတော့ သားလေးက ကိုယ့်အတွက် အကောင်းဆုံးလက်ဆောင်ပါ...အရမ်းကျေနပ်ရသလို ပျော်လည်းပျော်ပါတယ်

အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားရင်း.....ဒီ page လေးကိုလည်း ပစ်ထားတာကြာပြီမလို့ ပြန်အသက်သွင်းဖို့ ကြိုးစားပါဦးမယ် 💙



04/05/2024

Page နဲ့တော့ မဆိုင်ပေမယ့် အပျော်လေး share ပေးချင်လို့ပါ 😊🥰

ချစ်ခင်ရတဲ့ ကိုဒေါင်းဆီက အရုပ်လေး မဲပေါက်တာမလို့ ဒီနေ့ ရရချင်းပဲ Unboxing Video လေးရိုက်ပြီး အမှတ်တရ တင်လိုက်ပါတယ်...မဲပေါင်း ၃၄၀၃ မဲထဲက ကံထူးတဲ့ မဲ ၂၀၀ ထဲ ကိုယ်ပါတာမလို့ အရမ်းပျော်ပြီး ဝမ်းသာရပါတယ်....အရုပ်ကလေးလည်းရ လိုအပ်နေတဲ့ နေရာလေးတွေကိုလည်း လှူဒါန်းပြီးသားဖြစ်တာမလို့ တကယ်ကျေနပ်ပီတိဖြစ်ရပါတယ် 🥰

ဒီ video လေးကနေတဆင့် ကိုဒေါင်းကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပါရစေရှင် 💙



မြန်မာ သက္ကရာဇ် ၁၃၈၆ ခုနှစ် နှစ်သစ်ဆုတောင်း 🍀ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဓမ္မလက်ဆောင် ချီးမြှင့်ခဲ့တဲ့ အတိုင်း နှစ်သစ်...
17/04/2024

မြန်မာ သက္ကရာဇ် ၁၃၈၆ ခုနှစ် နှစ်သစ်ဆုတောင်း 🍀

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဓမ္မလက်ဆောင် ချီးမြှင့်ခဲ့တဲ့ အတိုင်း နှစ်သစ်ဆုတောင်းပေးပါရစေ

နှစ်သစ်အခါသမယမှာ အရင်နှစ်ကထက် ပိုပြီးကောင်းလာဖို့အတွက် ကိုယ်တိုင်က ပိုပြီး သဒ္ဓါတရားကောင်းလာအောင်၊ ကိုယ်ကျင့်တရား ပိုလုံခြုံလာအောင်၊ စွန့်လွှတ်မှုတွေ ပိုခိုင်မာလာအောင်၊ အသိပညာတွေ ပိုကြွယ်ဝလာအောင် ကြိုးစားနေထိုင်မှသာ ဆုတောင်းတွေပြည့်ပြီး မျှော်လင့်ထားတဲ့ ချမ်းသာသုခ ပျော်ရွှင်အေးချမ်းမှုတွေကို တလုံးတဝတည်း ခံစားရမှာဖြစ်ပါတယ်တဲ့။ အဲဒါကြောင့် နှစ်သစ်ကူးတာ သက်သက်မဟုတ်ဘဲ အဲဒီ အကြောင်းတရားတွေနဲ့ ပြည့်စုံအောင် ကြိုးစားနိုင်သူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်ရှင် 🙏



👣🩺

Thingyan Vs Songkranဒီနေ့က သင်္ကြန်အတက်နေ့ ဖြစ်သလို ဘန်ကောက်မြို့ပေါ် တချို့နေရာတွေမှာလည်း ရေပက်တာ ဒီနေ့နောက်ဆုံးဖြစ်ပါတ...
16/04/2024

Thingyan Vs Songkran

ဒီနေ့က သင်္ကြန်အတက်နေ့ ဖြစ်သလို ဘန်ကောက်မြို့ပေါ် တချို့နေရာတွေမှာလည်း ရေပက်တာ ဒီနေ့နောက်ဆုံးဖြစ်ပါတယ်...သင်္ကြန် နဲ့ ဆုန်ကရမ် မတူတဲ့ အချက်တွေလည်း အများကြီး ရှိတာမလို့ ဘာအချက်တွေလဲကြည့်လိုက်ရအောင်

1. သမိုင်းကြောင်းအထောက်အထား
သင်္ကြန်ရေပက်ခြင်း ရေကစားခြင်း အလေ့အထဟာ AD ၁၂ ရာစု ထဲက စခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို ပုဂံခေတ် နံရံဆေးရေးပန်းချီ နဲ့ ကျောက်စာတွေမှာ လေ့လာတွေ့နိုင်ပါတယ်.....နှစ်စဥ် ဧပြီလ ၁၃ရက်နေ့ကနေ ၁၆ရက်နေ့အထိ သင်္ကြန်ပွဲတော် ကျင်းပလေ့ရှိကြပြီး ၁၇ရက်နေ့ကတော့ နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါတယ်...ဆုန်ကရမ် ကတော့ ၁၈၀၀ ခုနှစ် နောက်ပိုင်းမှ ဘာသာရေးအယူအဆကနေတဆင့် ဆင်းသက်လာပြီး ပွဲတော်အဖြစ်ကျင်းပလာကြတာဖြစ်ပါတယ်...မူလပထမ ဆုန်ကရမ်ဟာ April ၁ရက်နေ့ စတင်ကျင်းပတာဖြစ်ပြီး ၁၉၀၀ ခုနှစ် နောက်ပိုင်းမှ April ၁၃ရက်နေ့က စတင် ကျင်းပတာဖြစ်ပါတယ်...UNESCO မှာ စာရင်းဝင်ပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်မှာတော့ ဆုန်ကရမ် ပွဲတော်ကို ပိုကျယ်ကျယ်ပြန့်ပြန့် ကျင်းပပြီး ထိုင်းနိုင်ငံ အနှံ့အပြားမှာ ဧပြီလ ၉ရက်နေ့ကနေ ၂၁ရက်နေ့ထိ ကျင်းပကြပါတယ်....ထိုင်းနိုင်ငံတွင်းမှာကို ဒေသ တစ်ခုနဲ့ တစ်ခု စတဲ့ရက် မတူကြပါဘူး

2. အနှစ်သာရ၊ ခံယူချက်
အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံ အချင်းချင်း ဖြစ်တာမလို့ သင်္ကြန် နဲ့ ဆုန်ကရမ် ဟာ ကျင်းပရခြင်း ရည်ရွယ်ချက် ကျောရိုးတော့ ဆင်တူကြပါတယ်...တစ်ဦးနဲ့တစ်ဦး ရေပက်ကြတာဟာ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောသန့်စင်ပြီး နှစ်သစ်ကို ကြိုဆိုကြတဲ့ အထိမ်းအမှတ် အဖြစ် နဲ့ ယူဆကြလို့ပါပဲ....အနှစ်သာရအားဖြင့်တော့ သင်္ကြန် နဲ့ ဆုန်ကရမ် ဟာ ကွာဟချက်တွေရှိတယ်လို့ ခံစားမိပါတယ်...ဆုန်ကရမ်ပွဲတော်ဟာ မြန်မာလူမျိုး တစ်ယောက်အတွက်တော့ စီးပွားရေး ဆန်တဲ့ ပျော်ပွဲရွှင်ပွဲနဲ့ ပိုတူပြီး သင်္ကြန်ပွဲတော်ကတော့ စည်းလုံးမှု၊ နွေးထွေးမှု၊ ရိုင်းပင်းမှု၊ အလှူအတန်း စတဲ့ ချစ်စရာကောင်းတဲ့ အလေ့အထတွေနဲ့ ထုံမွှန်းထားတဲ့ ရိုးရာဓလေ့ပွဲတော်တစ်ခုလို့ ခံစားမိပါတယ်...ဘာသာရေးဆိုင်ရာ အယူအဆ အလေ့အထတွေကတော့ ဆင်တူကြပါတယ်....ပွဲတော်ကာလအတွင်း ဘုရားရေသပ္ပါယ်တာ၊ ကုသိုလ်ကောင်းမှုလုပ်ကြတာတွေတော့ တော်တော်လေးတူပါတယ်

3. ပွဲတော် အခင်းအကျင်း
ဒီနေရာမှာ သင်္ကြန် နဲ့ ဆုန်ကရမ် ဟာတော်တော် ကွဲပြားပါတယ်....ဆုန်ကရမ်ဟာ လမ်းလျှောက်သင်္ကြန် နဲ့ပိုတူပါတယ်....နေရာတိုင်းမှာ ပက်နေတာမျိုးမဟုတ်ဘဲ ပက်တဲ့နေရာတွေကို ကိုယ်ကသွားရတာမျိုးပါ...၂၀၁၉ ထိ သင်္ကြန်ပွဲတိုင်း တစ်နှစ်မပြတ်ကဲလာတဲ့ 90's kid တစ်ယောက်အတွက်တော့ ဆုန်ကရမ်ဟာ ဆားမပါတဲ့ ဟင်းလို ဘာလိုနေလဲ မသိတာမျိုးပါ...ဘာလို့လဲဆို ဆုန်ကရမ်မှာ ရေပက်တဲ့မဏ္ဍပ်တွေမရှိသလို ရေပက်ခံကားတွေလည်း တော်တော်လေးနည်းပါတယ်...လူအရမ်းစည်တဲ့နေရာတွေ လမ်းတွေနားတဝိုက်မှာသာ အိမ်ရှေ့ထွက်ပက်တဲ့ လူစု အချို့ကို တွေ့ရပြီး ကျန်တဲ့နေရာတွေမှာတော့ တခြားသာမန်နေ့တွေလိုပါပဲ...ဆုန်ကရမ်ပွဲတော်ကို ဆင်နွဲကြတဲ့ လူအများစုကို ကြည့်မယ်ဆိုရင် လူငယ်လူလတ်ပိုင်းတွေ အများဆုံးဖြစ်ပြီး နိုင်ငံခြားသားတွေပိုများပါတယ်...သင်္ကြန်ပွဲတော်ကတော့ တစ်နိုင်ငံလုံး ကလေးလူကြီးလူငယ်မရွေး ပါဝင်ဆင်နွှဲကြပြီး လမ်းကြိုလမ်းကြားပါမကျန် နေရာအနှံ့ ရေကစားတဲ့ လူတွေ၊ သင်္ကြန် မဏ္ဍပ်ကြီး မဏ္ဍပ်ငယ်တွေ၊ အုန်းလက်မဏ္ဍပ်တွေ၊ ရေပက်ခံကားတွေနဲ့ စည်ကားနေပြီး ဒေသခံလူတွေပိုများပါတယ်...ရေပက်တဲ့အခါမှာလည်း ဆုန်ကရမ်မှာ ရေပြွတ်သေနတ်တွေနဲ့ပဲ အများဆုံးပက်ကြပါတယ် ပိုက်နဲ့ပက်တာတောင်အတော်ရှားပါတယ်...နေ့လည် ၁၂ နောက်ပိုင်းလောက်မှ ရေစပက်ကြပြီး ည ၉-၁၀ နာရီလောက်ထိပက်ကြပါတယ်...သင်္ကြန်ပွဲတော်ကတော့ နို့ဆီခွက်ကစလို့ မီးသတ်ပိုက်အထိ သုံးပြီး ရေပက်ကြပါတယ်...ရေပက်ချိန်ကတော့ မနက် ၈နာရီ လောက်ကစပြီး ည ၇နာရီကျော်ထိ ပက်ကြပါတယ်...ဆုန်ကရမ်မှာ ရိုးရာဝတ်စုံဝတ်ထားတဲ့ ထိုင်းအမျိုးသမီးတွေပါတဲ့ အလှဆင်ကားတွေနဲ့ လူစည်ကားတဲ့လမ်းတွေကိုပတ်ကြတာရှိပြီး သင်္ကြန်ပွဲတော်မှာလည်း အထူးသဖြင့် မန္တလေးမှာ မြို့မ ငွေငန်း အလှပြ ကားကြီးကတော့ မသိသူမရှိသလောက်ပါပဲ

4. စတုဒီသာ
ဒီအချက်ကတော့ ပွဲတော် ၂ခု အရမ်းကို ကွာဟတဲ့ အချက်ပါပဲ...ဆုန်ကရမ်မှာ ဘယ်အရာမှ အလကားပေးတယ်ဆိုတာ မရှိပါဘူး...ရေပြွတ်သေနတ်ထဲ ရေထည့်ရဖို့ တခါထည့်ရင် ရေသေနတ်အသေးဆို ဘတ် ၁၀၊ အကြီးဆို ဘတ် ၂၀ ပေးရပါတယ်...စတုဒီသာကျွေးတယ်ဆိုတာ ဆုန်ကရမ်မှာ လုံးဝကိုမရှိပါဘူး...သင်္ကြန်ပွဲတော်မှာတော့ ရေပက်ခံထွက်ရင်း စတုဒိသာ ကျွေးတာ မနည်းမနောပါပဲ...မုန့်လုံးရေပေါ် ၊ သာကူ၊ သင်္ကြန်ထမင်း၊ ကြာဇံချက်၊ မုန့်ဟင်းခါး၊ ရွှေရင်အေး၊ မုန့်တီ၊ ပေါင်မုန့်အုန်းနို့ဆမ်း၊ ခေါက်ဆွဲပြုတ်ဘူး၊ ကော်ဖီ စသဖြင့် ကိုယ်နိုင်သလောက် ပျော်ပျော်ပါးပါး စုပေါင်းလုပ်ကြပြီး အိမ်နီးနားချင်းတွေကို ဖြစ်စေ ရေပက်ခံထွလာတဲ့လူတွေကိုဖြစ်စေ ဝေမျှပြီးစားကြတာလည်း သင်္ကြန်ရဲ့ ချစ်စရာ ပြယုဂ် တစ်ခုပါပဲ...ရေပက်ဖို့ ရေတောင်းရင်လည်း ဘယ်ရေကစားတဲ့နေရာကိုပဲတောင်းတောင်း ရေပက်ခံကားအချင်းချင်းပဲတောင်းတောင်း ဒီတိုင်း အလကားပေးကြတာချည်းပါပဲ...အဲ၂ခုကတော့ အတော်လေးကွာတာပါ

5. နိုင်ငံတကာစိတ်ဝင်စားမှု
ဆုန်ကရမ်ကတော့ UNESCO ဝင်သွားတဲ့အလျောက် သင်္ကြန်ထက်စာရင် နိုင်ငံတကာရဲ့ အာရုံစိုက်ခံရမှုပိုများလာတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်...marketing strategy အရမ်းကောင်းပြီး media attention ရအောင်ယူနိုင်တဲ့ ထိုင်းနိုင်ငံဟာ နိုင်ငံတွင်း ဝင်ရောက်ခွင့် သတ်မှတ်ချက်တွေကိုပါ ဖြေလျော့ပေးပြီး နိုင်ငံခြားသားတွေ သွားလာရ လွယ်ကူအောင် ဆုန်ကရမ် ကို လူပိုသိအောင် promotion မျိုးစုံဆင်းပါတယ်...ခေတ်အခြေအနေအရ သင်္ကြန်ဟာ ငြိမ်နေရတာကြောင့် ဆုန်ကရမ်ဟာ ပိုလူသိများတဲ့ ပွဲတော်တစ်ခု ဖြစ်နေပါတယ်

6. မူပိုင်သ‌င်္ကေတ
ဆုန်ကရမ်မှာ လေ့လာမိသလောက် ဆုန်ကရမ်အတွက် သီးသန့် မူပိုင်သ‌င်္ကေတ မရှိသလောက်ပါပဲ...ဆုန်ကရမ်သီချင်းတွေတော့ ဖွင့်တာမျိုးတွေကြားရပါတယ်...သင်္ကြန်မှာကတော့ ပိတောက်ပန်း နဲ့ သင်္ကြန် ဟာခွဲလို့မရသလို မုန့်လုံးရေပေါ်၊ သင်္ကြန်ယိမ်းအက ဟာလည်း မြင်လိုက်တာနဲ့ သင်္ကြန်ကို သတိရအောင် လှုံ့ဆော်ပေးတဲ့ မူပိုင်သ‌င်္ကေတ တွေပါပဲ

အချုပ်အားဖြင့် ပြောရရင်တော့ ဆုန်ကရမ် နဲ့ သင်္ကြန် ဟာ တူမယောင်နဲ့ ကွဲလွဲချက်တွေအများကြီး ရှိပါတယ်...သင်္ကြန်ဟာ မြန်မာတွေအတွက်တော့ စီးပွားရေးအရကျင်းပတာမဟုတ်ဘဲ လူတန်းစားမရွေး လူကြီးလူငယ် အသက်အရွယ်မရွေး ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲလို့ရတဲ့ ရိုးရာဓလေ့ ပွဲတော်တစ်ခုအဖြစ် ကျင်းပကြတာပါ...သင်္ကြန်ရဲ့ ယဥ်ကျေးမှု၊ အနှစ်သာရ က တန်ဖိုးဖြတ်လို့မရပါဘူး...ဒီလို ကောင်းတဲ့ အလေ့အထလေးတွေကို ဆက်လက်ထိန်းသိမ်းရင်း အခါအခွင့်သင့်လာတဲ့အခါ သင်္ကြန်ကို နိုင်ငံတကာသိအောင် ချပြနိုင်မယ့်နေ့ကို ရည်မှန်းရင်း စာလေးကို အဆုံးသတ်ပါရစေရှင်...အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်...မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေ ရှင့် 🙏

Pictures credit to original uploaders 💦




ที่อยู่

111 ถ.เพชรเกษม 19 แขวงปากคลองภาษ
Bangkok
10160

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Travel and Cureผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram