Andrea ▪️Founder of "Healing with Andrea"
▪️Empathetic Mental Health Counselling Your journey towards healing is our mission.

Welcome to ‘Andrea,’ the personal page of the founder behind "Healing with Andrea," your trusted space for mental health psychotherapy & counseling services, along with psychological and mental well-being digital content in Myanmar. Reunited with our original page, we’re here to continue offering compassionate support and counseling sessions to provide mental health services and accesses across our community. Dive into a wealth of digital content, from insightful articles to engaging videos and reels, all designed to enlighten and empower your mental well-being. Join us as we foster growth, healing, and empowerment. Together, let’s create a brighter tomorrow.

တချို့သော စည်းဘောင်တွေက ကိုယ့်ကိုယ်ကို ကာကွယ်ပေးရုံတင်မဟုတ်ဘဲ တစ်ဘက်တစ်လမ်းကနေ တခြားသူတစ်ယောက်ကိုလည်း နားလည်သင်ယူနိုင်စေ...
02/04/2026

တချို့သော စည်းဘောင်တွေက ကိုယ့်ကိုယ်ကို ကာကွယ်ပေးရုံတင်မဟုတ်ဘဲ တစ်ဘက်တစ်လမ်းကနေ တခြားသူတစ်ယောက်ကိုလည်း နားလည်သင်ယူနိုင်စေတဲ့ အခန်းကဏ္ဍတစ်ခုလည်း ဖြစ်စေတတ်တယ်။

ကျွန်မကတော့ Boundary ကို ကိုယ် တစ်ယောက်တည်းအတွက် မဟုတ်ဘဲ relational learning အနေနဲ့ မြင်မိပါတယ်။

Boundary ကို ကောင်းကောင်းမထိန်းသိမ်းနိုင်တဲ့အခါ တချို့အချိန်တွေမှာ တစ်ဘက်လူအတွက်လည်း

🔲 “ငါ ဘာလုပ်လုပ် အဆင်ပြေနိုင်တယ်”
🔲 “တစ်ဘက်လူ တားထားတဲ့ စည်းကိုလည်း နည်းနည်းလေးဖြစ်ဖြစ် လွန်ကြည့်လို့ ရမယ်”
🔲 “တစ်ဘက်မှာအဆင်မပြေတောင် ငါလိုချင်တာကို ဦးစားပေး၊ ဦးတည်လိုက်မယ်”

စတဲ့ အတွေးတွေက တစ်ဘက်လူဆီမှာ အမှတ်မဲ့ ဖြစ်တတ်သလို တခါတလေ “လွန်ကြည့်လို့ ရပါများတဲ့ အခြေအနေတွေကြောင့်” ပဲ တဖြည်းဖြည်း ရည်ရွယ်ချက်နဲ့လည်း ဖြစ်လာတတ်ပါတယ်။

အဲဒီလိုအခါတွေမှာ boundary ဆိုတာက ဒီအခြေအနေတွေကို သတိရှိရှိ ပြန်လည်ထိန်းညှိပေးတဲ့ အရာတစ်ခုပါပဲ။

အမြဲတမ်းထိတွေ့ဆက်ဆံနေရတတ်တဲ့ လူအချင်းချင်းကြားဆက်ဆံရေးတွေမှာ -

◻️ “တခြားသူကိုလည်း စဉ်းစားဖို့လိုတယ်”
◻️ “တခြားသူကိုလည်း လေးစားဖို့လိုတယ်”
◻️ “ဘဝမှာ အရာအားလုံးက ကိုယ်လိုချင်သလိုချည်း မဖြစ်နိုင်သလို”
◻️ “တချို့အရာတွေကလည်း ကိုယ့် control အောက်မှာ မရှိနေတတ်ဘူး”…

စတာတွေကို Boundary ဟာ စနစ်တကျဖြစ်အောင် ထိန်းကွပ်၊ လမ်းပြပေးသလိုပဲ။ ဒီ စည်းတွေဟာ ဖြတ်သန်းရတဲ့ဘဝတလျှောက်လုံး နောက်နောင် လူအများနဲ့ဆက်ဆံရေးတွေအတွက်ပါ အထောက်အကူအများကြီး ပြုသွားနိုင်ပါတယ်။

တစ်ဘက်ကို လေးစားနိုင်ဖို့၊ အရာအားလုံး ကိုယ့်စိတ်ချည်းပဲ မဖြစ်ဘူးဆိုတာ နားလည်နိုင်ဖို့၊ တစ်ယောက်နဲ့တစ်ယောက်ကြား relationship တွေ တိုးတက်အဆင်ပြေနိုင်ဖို့ဆိုတာ ဒီစည်းတွေကို နားလည်လေးစားနိုင်ဖို့ လိုအပ်ပါတယ်။

တချို့အချိန်တွေမှာ ကိုယ့်ဘက်မှာ စည်းဘောင်မထားပဲ တစ်ဘက်လူကို အမြဲဖြေလျော့ပေးနေမိရင် တစ်ဘက်လူအတွက်လည်း “ငါလိုချင်တာကိုပဲ ဦးစားပေးလို့ရတယ်” ဆိုတဲ့ နားလည်မှုတစ်ခုကို မသိမသာ ခိုင်မာစေနိုင်တယ်။ မသိမသာ reinforced ဖြစ်သွားနိုင်တယ်။ လိုချင်တာမရတဲ့အခါမှာလည်း စိတ်ရဲ့ အလိုမကျမှုအရ impact တွေ ရှိလာနိုင်တယ်။

ဒါကြောင့် boundary ဆိုတာဟာ ကိုယ့်စိတ်မပင်ပန်းဖို့၊ မလိုအပ်တဲ့ ဖိစီးမှုတွေကနေ ကာကွယ်ဖို့၊ ကိုယ့်အတွက် ကျန်းမာအဆင်ပြေဖို့အတွက်သာမကပဲ..

တခြားသူတစ်ယောက်ကိုလည်း ဆက်ဆံရေးတွေမှာ “ဘာတွေဟာ အရေးကြီးတယ်” ဆိုတာကို တစ်ဘက်တစ်လမ်းကနေ သင်ယူစေနိုင်တယ်လို့ နားလည်မိတယ်။

ဒီ တစ်ဘက်က ချတဲ့ Boundary တွေအပေါ် နှစ်မြို့ခြင်း၊ မနှစ်မြို့ခြင်းကတော့ တခြားသူရဲ့ ရွေးချယ်မှုနဲ့ စိတ်သဘောထားပါပဲ။

ဒါပေမယ့် ကိုယ်ကတော့ ကိုယ့်စည်းကိုသိပြီး သတိရှိရှိ ထိန်းသိမ်းနိုင်ခြင်းဟာ ကိုယ့်ကိုယ်ကို လေးစားနေခြင်းတစ်မျိုးပါပဲ… 🌿✨

မေတ္တာဖြင့်
Andrea

✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။

02/04/2026

ဘဝအမောတွေကြောင့် ခံစားချက်တွေရှိခဲ့ရင် ဒီခံစားချက်တွေရှိတတ်တာကိုက အဆင်ပြေပါတယ်…🪴✨

𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗠𝗮𝘁𝘁𝗲𝗿𝘀!

-Andrea

ကိုယ်ချစ်တဲ့သူတွေကို “တန်ဖိုးထားတယ်” ဆိုတဲ့စိတ်က ရင်ထဲမှာ အပြည့်ရှိနေပြီးသားဆိုပေမယ့် အဲဒီခံစားချက်ကို စကားလုံးအဖြစ် ပြန...
02/04/2026

ကိုယ်ချစ်တဲ့သူတွေကို “တန်ဖိုးထားတယ်” ဆိုတဲ့စိတ်က ရင်ထဲမှာ အပြည့်ရှိနေပြီးသားဆိုပေမယ့် အဲဒီခံစားချက်ကို စကားလုံးအဖြစ် ပြန်လည်ထုတ်ဖော်ပြောဖို့တော့ တစ်ခါတလေခက်ခဲနေတတ်ပါတယ်။

ဒီလိုအခြေအနေတွေဟာ မိသားစုကြားထဲမှာလည်း ဖြစ်တတ်သလို ရင်းနှီးတဲ့ ဆက်ဆံရေးတွေကြားမှာလည်း တိတ်တိတ်လေး ဖြစ်ပေါ်လေ့ရှိတဲ့ အရာပါပဲ။

ဒါပေမယ့် တခါတလေ

🔲 မဖော်ပြလိုက်တဲ့ ချစ်ခြင်းတွေက တဖြည်းဖြည်း အကွာအဝေးတွေ ဖြစ်လာစေနိုင်တယ်။

🔲 ကိုယ့်အတွက် “ပြောစရာမလိုဘူး” လို့ ထင်ခဲ့တဲ့ တိတ်ဆိတ်မှုတွေက တစ်ဖက်လူအတွက်တော့ သူ့အပေါ် “တန်ဖိုးမထားဘူး” လို့ အထင်လွဲသွားစေနိုင်တယ်။

🔲 တချို့အခါတွေမှာလည်း ကိုယ်မပြောလိုက်မိတဲ့ စကားလုံးလေးတွေက ကိုယ်သတိမမူမိလိုက်တဲ့ အချိန်တိုအတွင်းမှာတောင် အခြေအနေတွေဟာ ရုတ်ချည်းပြောင်းလဲသွားပြီး နောင်တတွေအဖြစ် ကိုယ့်ဆီမှာ ပြန်ကျန်ရစ်တတ်ပြန်တယ်။

ဒါကြောင့် လက်ရှိအခိုက်အတန့်ကို တန်ဖိုးထားရင်းကိုယ့်ဘေးမှာ ရှိနေတဲ့ ချစ်ရသူတွေ၊ မိသားစုတွေအပေါ် ကိုယ့်ရဲ့ တန်ဖိုးထားမှုကို နူးညံ့စွာ ဖော်ပြပေးနိုင်ပါတယ်။

သူတို့ရှိနေခြင်းဟာ ကိုယ့်ဘဝမှာ အရေးပါကြောင်း၊ တန်ဖိုးထားစရာဖြစ်ကြောင်းကို ပွင့်လင်းစွာ ဖော်ပြပေးနိုင်ပါတယ်နော်…

ပြီးပြည့်စုံတဲ့ စကားတွေမလိုပဲ …
တခါတလေမှာ စစ်မှန်တဲ့ စိတ်ရင်းတစ်ခုကို ဖော်ပြနိုင်ခြင်းကလည်း အချင်းချင်းကြား တန်ဖိုးထားမှုကို ပိုတည်တံ့နွေးထွေးစေနိုင်ပါတယ် 🌿🤍

မေတ္တာဖြင့်
Andrea


✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။

📌 ကိုယ့်ရဲ့ရည်မှန်းချက်က ကိုယ်တကယ်လိုချင်တာရော ဟုတ်ရဲ့လား“အလုပ်တွေ အရမ်းများနေမှ၊ အမြဲတမ်း အလုပ်ရှုပ်နေမှ ငါဟာ တန်ဖိုးရှ...
01/04/2026

📌 ကိုယ့်ရဲ့ရည်မှန်းချက်က ကိုယ်တကယ်လိုချင်တာရော ဟုတ်ရဲ့လား

“အလုပ်တွေ အရမ်းများနေမှ၊ အမြဲတမ်း အလုပ်ရှုပ်နေမှ ငါဟာ တန်ဖိုးရှိတဲ့သူ၊ အောင်မြင်မယ့်သူ” လို့ ထင်နေမိတာမျိုး ရှိတတ်ကြပါတယ်။

အခုခေတ်ရဲ့ မြန်ဆန်လွန်းတဲ့ အရှိန်အဟုန်ကြားမှာ ကျွန်မတို့ တော်တော်များများဟာ ရည်မှန်းချက်နောက်လိုက်ရင်းကနေ မသိလိုက်မသိဖာသာ အလုပ်ကို စွဲလန်းလွန်းတဲ့ အခြေအနေ (Workaholism) ကို ရောက်ရှိ
နေတတ်ကြပါတယ်။

အထူးသဖြင့် လက်ရှိအခြေအနေအရ ကုန်စျေးနှုန်း၊ စီးပွားရေး နဲ့ နေ့စဉ်ဘဝအကျပ်အတည်းတွေကြားမှာ ရုန်းကန်ရင်း တချိန်ကထားရှိခဲ့တဲ့ ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေဟာ ကျွန်မတို့ကို ခွန်အားပေးမယ့်အစား၊ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖိစီးလာတတ်ပါတယ်။

ရည်မှန်းချက်ဆိုတာ မီးတောက်နဲ့ တူတယ်လို့ဆိုနိုင်ပါတယ်။
◻️ စနစ်တကျ ထိန်းကျောင်းနိုင်မယ်ဆိုရင် ကျွန်မတို့ကို ရှေ့ဆက်ဖို့ ခွန်အားပေးအနွေးဓာတ်ဖြစ်စေနိုင်ပေမဲ့၊
◻️ အထိန်းအကွပ်မဲ့ သွားရင်တော့ ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေးနဲ့ ဘဝတစ်ခုလုံးကို လောင်ကျွမ်းသွားစေနိုင်တဲ့ အပူရှိန်ဖြစ်သွားနိုင်ပါတယ်။

ဒီနေရာမှာ ကျွန်မတို့ ယနေ့ခေတ်မှာ လူတစ်ယောက်ရဲ့ တန်ဖိုးကို သူ ဘယ်လောက် productivity ရှိလဲ ဆိုတာနဲ့ပဲ တိုင်းတာတဲ့ Hustle Culture က ကျွန်မတို့ကို ကိုယ့်ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို စတေးပြီး အောင်မြင်မှုနောက် လိုက်ဖို့ပဲ တွန်းအားပေးနေတတ်ပါတယ်။

ဒါ့ကြောင့် ဘဝအောင်မြင်မှုကို ရှာဖွေနေစဉ်မှာ နယ်ပယ် ၃ ခုကို ဟန်ချက်ညီအောင် ထိန်းဖို့ လိုအပ်ပါတယ်။

🔲 Performance
ဒါဟာ ကိုယ့်ရဲ့ လက်ရှိ အရည်အချင်းအပေါ် မူတည်ပြီး လက်တွေ့ကျတဲ့ ပန်းတိုင်တွေ ချမှတ်ခြင်းပါ။ အိပ်မက်တွေက မြင့်မားရမှာ မှန်ပေမယ့် ကိုယ့်ရဲ့ စွမ်းဆောင်ရည်ထက် ကျော်လွန်ပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတဲ့ ပန်းတိုင်မျိုးမဖြစ်ဖို့ လိုပါတယ်။

🔲 Achievement
အလုပ်လုပ်တဲ့အခါ ရရှိလာမယ့် ဆုလာဘ်ကို သိမြင်သတ်မှတ်ခြင်းပါ။ ဒါဟာ ပြင်ပက အသိအမှတ်ပြုမှုတစ်ခုတည်းအပေါ်မှာပဲ မူတည်နေရင်တော့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုဟာ သူတစ်ပါး လက်ထဲမှာပဲ ရှိနေနိုင်ပါလိမ့်မယ်။

🔲 Growth Ambition
ဒါဟာ အရေးကြီးဆုံးပါ။ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အရည်အချင်းပိုင်းဆိုင်ရာ စဉ်ဆက်မပြတ် တိုးတက်နေမှုကို အာရုံစိုက်တာပါ။ Growth Mindset ရှိသူတွေဟာ ကျရှုံးမှုကို သင်ခန်းစာလို့ မြင်ပြီး ခရီးလမ်းတစ်ခုလုံးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါတယ်။

တကယ်လို့ ကိုယ့်မှာ အလုပ်စွဲလမ်းခြင်း (Workaholism)ရှိနေပြီ၊ အလုပ်မလုပ်ရရင် အပြစ်ရှိသလို ခံစားနေရပြီဆိုရင်…

▪️Boundaries ဆိုတဲ့စကားလုံးလေးကို သတိရစေချင်ပါတယ်။
အလုပ်ချိန်နဲ့ ကိုယ်ပိုင်အချိန်ကို ပြတ်ပြတ်သားသား ခွဲခြားကြည့်ပါ။ အလုပ်ဆင်းချိန်မှာ ဖုန်းကို ခေတ္တချထားပြီး ကိုယ့်ရဲ့ စိတ်ကို အနားပေးဖို့ အချိန်သတ်မှတ်ကြည့်နိုင်ပါတယ်။

▪️ Mindfulness ကိုလည်း အတတ်နိုင်ဆုံးလေ့ကျင့်ကြည့်ပါ။
လက်ရှိ ရောက်နေတဲ့ နေရာ၊ ခံစားနေရတဲ့ ခံစားချက်တွေကို သတိပြုပါ။ ဒါဟာ Stress ကို လျော့ကျစေရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ချိတ်ဆက်နိုင်စေပါတယ်။

▪️ အောင်မြင်မှုကို အဓိပ္ပာယ်ပြန်ဖွင့်ပါ။
အောင်မြင်မှုဆိုတာ ရာထူးတက်တာ၊ ဘွဲ့တစ်လခုရတာ၊ အလုပ်တစ်ခုပြီးမြောက်တာ တစ်ခုတည်း မဟုတ်ပါဘူး။ စိတ်အေးချမ်းတာ၊ သူငယ်ချင်းကောင်းတွေ ရှိတာ၊ ဝါသနာပါရာကို လုပ်ခွင့်ရတာတွေဟာလည်း ဘဝရဲ့ အောင်မြင်မှုတွေ ဖြစ်နိုင်ပါတယ်။

✅ Bronnie Ware (2011) ရဲ့ လေ့လာမှုအရ လူတွေ သေခါနီးမှာ အဖြစ်များဆုံး နောင်တ ၅ ခုထဲက တစ်ခုက “ငါ အလုပ်တွေ ဒီလောက် အများကြီး မလုပ်ခဲ့သင့်ဘူး” ဆိုတာနဲ့ “ကိုယ့်ရဲ့ ဆန္ဒအတိုင်း စစ်မှန်စွာ မရှင်သန်ခဲ့ရတာ” တွေပဲ ဖြစ်ပါတယ်။

✅ Robinson et al. (2018) ရဲ့ သုတေသနမှာလည်း လူတွေဟာ သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေနဲ့ ကိုယ်ပိုင်တန်ဖိုး (True Values) တွေကို လျစ်လျူရှုခဲ့မိတာကို အကြီးမားဆုံး နောင်တအဖြစ် ဖော်ပြကြပါတယ်။

ဒါကြောင့် အခုကစပြီး ကိုယ့်ရဲ့ အောင်မြင်မှုကို ကိုယ်ပိုင်တန်ဖိုးတွေ၊ စံနှုန်းတွေနဲ့ ပြန်လည် တိုင်းတာကြည့်ပါ။ ပတ်ဝန်းကျင်က သတ်မှတ်ပေးတဲ့ အောင်မြင်မှု မဟုတ်ဘဲ၊ ကိုယ့်နှလုံးသားက အမှန်တကယ် လိုလားတဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာ သေချာဖို့ လိုအပ်ပါတယ်ပြောရင်း အဆုံးသတ်လိုက်ပါတယ်။

မေတ္တာဖြင့်
Andrea

✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။

[ ❇️ ကျွန်မ Andrea သည် 'Healing with Andrea' ၏ Founder ဖြစ်သကဲ့သို့ BPS ကျင့်ဝတ်စံနှုန်းများအတိုင်း Evidence-based စိတ်ကျန်းမာရေးနှင့် စိတ်ပညာဝန်ဆောင်မှု (Mental Health Counselling & Psychological Services) ပေးနေသူတစ်ဦး ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ Client များစွာကို ကူညီပေးခဲ့သည့် Client အတွေ့အကြုံ Testimonials များကိုလည်း ကျွန်မ၏ Page တွင် ကြည့်ရှုနိုင်ပါသည်။ လူမှုဆက်ဆံရေးနှင့် ဘဝ၏ ခက်ခဲသော အခြေအနေများအတွက် Psychotherapeutic Counselling အကူအညီ လိုအပ်ပါက Messenger မှတစ်ဆင့် ဆက်သွယ်ရယူနိုင်ပါသည် ]

Reference List:
Ware, B. (2011). The Top Five Regrets of the Dying: A Life Transformed by the Dearly Departing..
Robinson, O. C., Wright, G. R., & Smith, J. A. (2016). The Experience of Regret Across the Adult Life Course. L
Dweck, C. S. (2006). Mindset: The New Psychology of Success.
Ng, T. W., Sorensen, K. L., & Feldman, D. C. (2007). Dimensions, antecedents, and consequences of workaholism: A theoretical integration and meta-analysis.

01/04/2026

ဒေါသဆိုတဲ့ “ emotion”ကို သတိမူရင်း
စနစ်တကျ “healthy” ဖြစ်မှာ ကိုင်တွယ်ပေးပါ🌿✨

-Andrea

(ဒေါသအမွေကို ဖြတ်တောက်ခြင်း -https://www.facebook.com/share/p/18CUbVSvSi/?mibextid=wwXIfr)

လူတစ်ယောက်ဟာ သူကိုယ်တိုင် အနားမရနေတဲ့အခါ (သို့) စိတ်ရော ကိုယ်ပါ ပင်ပန်းနေတဲ့အခါမျိုးမှာ ဆုံးဖြတ်ချက်ကောင်းကောင်းချဖို့၊ ...
01/04/2026

လူတစ်ယောက်ဟာ သူကိုယ်တိုင် အနားမရနေတဲ့အခါ (သို့) စိတ်ရော ကိုယ်ပါ ပင်ပန်းနေတဲ့အခါမျိုးမှာ ဆုံးဖြတ်ချက်ကောင်းကောင်းချဖို့၊ အရေးကြီးတာတွေအပေါ် ကောင်းကောင်းတွေးခေါ်စဉ်းစားနိုင်ဖို့၊ လူတွေနဲ့ အကောင်းဆုံး ဆက်ဆံပြောဆိုနိုင်ဖို့ရာ အားလျော့ခက်ခဲနေတတ်တယ်။

လိုအပ်တဲ့အနားယူမှုမပြုပဲ ဆက်တိုက်ဆိုသလို ကိုယ့်ကိုယ်ကိုယ် တွန်းမိနေတဲ့အခါ စိတ်ရောကိုယ်ပါ ပင်ပန်းမောပန်းမှုတွေနဲ့အတူ ကိုယ့်ရဲ့အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းဆိုတဲ့ productivity ကို မရောက်နေတာမျိုး ဖြစ်နေတတ်ပါတယ်။

တချို့တွေက အိပ်မက်တွေအတွက်၊ တချို့တွေက ကိုယ်ချစ်ရတဲ့သူတွေအတွက်၊ တချို့ကလည်း ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတဲ့ တာဝန်တွေအတွက် ကြိုးစားကြတယ်။ ဒါပေမယ့် ကိုယ်တိုင်မောပန်းနေတဲ့အခါ ဒီအရာတွေကို လုပ်ဆောင်နိုင်ဖို့ရာ အားမထုတ်နိုင်ဘူး။ အားအပြည့်အဝမထည့်နိုင်ဘူး။ ဒီအခါ
“ငါ မလုပ်နိုင်တဲ့သူလား…”
“ဘာလို့ အဆင်မပြေတာလဲ…” ဆိုတဲ့ ကိုယ့်ကိုယ်ကို သံသယဝင်မှုတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ မကျေနပ်မှုတွေ ထပ်တိုးလာတတ်ပါတယ်။

တချို့အချိန်တွေမှာ ပြဿနာက “ကိုယ်မလုပ်နိုင်ခြင်း” မဟုတ်ပဲ “မောပန်းနေခြင်း” ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ ကျွန်မတို့ သတိလေးချပ်လို့ရတာက ကိုယ်တည်ငြိမ်တဲ့နေရာကနေ တည်ဆောက်ထားတဲ့အရာတွေဟာ ဖိအားအောက်ကနေ အလျင်အမြန် တည်ဆောက်ထားတဲ့အရာတွေထက် ပိုခိုင်မာ တည်တံ့တတ်တယ်။

ရည်မှန်းချက်တွေကို ရောက်ချင်လို့ အလျင်အမြန် ပြေးတတ်ကြတာ၊ ကိုယ့်ကိုယ့်ကို တွန်းအားပေးတတ်တာဟာ သဘာဝကျပေမယ့်လည်း ကိုယ်ပြန်ရလာတဲ့မောပန်းမှုတွေကြောင့်ပဲ ကိုယ်လုပ်ဆောင်နိုင်တဲ့အရာလေးတွေ၊ တည်ဆောက်လိုက်တဲ့အရာတွေဟာ ရေရှည်မတည်တံ့နိုင်တာ၊ ထင်သလောက် အဆင်မပြေနေတာတွေလည်း ရှိတတ်တာကို သတိမူနိုင်ပါသေးတယ်။

📍ဒါ့ကြောင့် ကိုယ်ပင်ပန်းနေတဲ့အချိန်မှာ အနားယူခွင့်ပေးနိုင်ခြင်းဟာ အရေးကြီးပါတယ်။

ကိုယ့်ရဲ့တည်ငြိမ်မှုကို ဦးဆုံးရှာဖွေတည်ဆောက်တာ၊ ကိုယ့်အတွက် လိုအပ်တဲ့ စည်းဘောင်တွေကို နားလည်ထိန်းသိမ်းနိုင်တာ စတဲ့ အခြေခံတွေကနေတဆင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု (Self-Trust) ကိုတည်ဆောက်နိုင်တယ်။ ဒီကတဆင့် ရရှိလာတဲ့ ယုံကြည်မှုဟာ ကိုယ်လိုချင်တဲ့လမ်းကြောင်းဆီ ပိုရှင်းလင်းစွာ မြင်နိုင်၊ သွားနိုင်တယ်။ ဒီ့အပြင် ကိုယ်နဲ့ ကိုက်ညီတဲ့ လုပ်ဆောင်မှု (Aligned Action) တွေကိုလည်း ဖြည်းဖြည်းချင်းစီ တည်ဆောက်လာနိုင်တယ်။

ဒါကြောင့် တစ်ခါတလေမှာ ကျွန်မတို့ဟာ ကိုယ်ရောက်ချင်တဲ့နေရာကိုသာ မကြည့်နေပဲ ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာက လိုအပ်မှုတွေကိုလည်း ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်နော်။

ကျွန်မတို့တွေ ခဏခဏမြင်ဖူးနေကျ စကားလေးလိုပဲ...
Fill your cup first.

🌱 ဒီလို ကိုယ့်အတွင်းပိုင်းလိုအပ်ချက်တွေကို ပြည့်ဝအောင် ဖြည့်တင်းပေးနိုင်တဲ့အခါ အပြင်ဘက်ကိုလည်း ကိုယ့်စိတ်ရှိသလောက် ပြန်လည်ကူညီမျှဝေပေးနိုင်လာတယ်။ ဖြန့်ကျက်လာနိုင်တယ်။ နောက် ကိုယ်ဖြစ်ချင်တဲ့အရာတွေအပေါ်လည်း အကောင်းဆုံး တည်ဆောက်လာနိုင်ပါတယ်။

မေတ္တာဖြင့်
Andrea

✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။

31/03/2026

လူတစ်ယောက်နဲ့တစ်ယောက် ခံစားရင်ဆိုင်ပုံတွေကို နှိုင်းယှဉ်ပြီး

🔲 “ငါ့မှာ မဖြစ်လို့ နင့်ဘက်မှာ ဒီလိုဖြစ်တာဟာ မှားတယ်”

🔲 “ငါမခံစားဖူးလို့ နင်တို့ခံစားနေတာ အားနည်းတယ်၊ အဓိပ္ပါယ်မရှိဘူး”

စသဖြင့် သတ်မှတ်ခြင်းတွေဟာ နားလည်မှုမရှိခြင်းကနေ ဖြစ်ပေါ်လာတဲ့ မှားယွင်းသော ယူဆချက်များ (Myths) တွေပါပဲ။

တကယ်တော့ Mental Health ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ခံစားမှု (emotional)၊ စိတ်ပိုင်းဆိုင်ရာ (psychological) နဲ့ လူမှုဆက်ဆံရေး (social) အခြေအနေတွေ ပေါင်းစည်းထားတဲ့ ကျန်းမာကောင်းမွန်မှု အခြေအနေတစ်ခု ဖြစ်ပါတယ်။

ဒီအခြေအနေတွေကပဲ ကျွန်မတို့

🔲 ဘယ်လို စဉ်းစားတယ် (think)၊
🔲 ဘယ်လို ခံစားတယ် (feel)၊
🔲 ဘယ်လို ပြုမူဆက်ဆံတယ် (behave) ဆိုတာတွေကို အရေးကြီးစွာ သက်ရောက်မှုရှိစေပါတယ်။

လူတစ်ယောက်ချင်းစီမှာ အတွေးတွေ၊ ခံစားမှုတွေ ရှိနေကြတာ သဘာဝပါပဲ။

ဒါပေမယ့် အဲဒီအတွေးနဲ့ ခံစားမှုတွေကို ဘယ်လိုအရာတွေက လွှမ်းမိုးထားလဲဆိုရင် မတူညီတဲ့ ဘဝအတွေ့အကြုံတွေ၊ ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင် တွေ၊ သင်ယူလာမှုတွေ၊ ယုံကြည်မှုတွေ၊ ဖိစီးမှုတွေကို ကိုင်တွယ်သင်ယူခဲ့တဲ့ ပုံစံတွေနဲ့ ရရှိနိုင်တဲ့ အထောက်အပံ့ (resources) တွေ… အများကြီး ပါဝင်နေပါတယ်။

ဒါကြောင့် ကိုယ့်မှာမရှိတဲ့ ခံစားမှုကို သူတစ်ပါးမှာ ရှိနေတာကြောင့်

‼️ “ဒါဟာ အဓိပ္ပါယ်မရှိဘူး”

လို့ သတ်မှတ်လို့မရသလို “ဖိစီးမှုကို ကိုင်တွယ်ပုံမတူညီတိုင်း” လည်း လက်ညှိုးထိုး အပြစ်တင်ဖို့ မသင့်ပါဘူး။ မတူညီမှုတွေဟာ အမှား မဟုတ်ဘူး။ မတူညီမှုတွေဟာ အားနည်းချက် မဟုတ်ဘူး။ မတူညီမှုတွေဟာ ဝေဖန်နှိမ့်ချဖို့ မဟုတ်ဘူး။

မတူညီတဲ့ အတွေ့အကြုံတွေရဲ့ သဘာဝရလဒ်တွေပါပဲ။

ဒါကြောင့် Mental Health အပေါ် နားလည်မှု (awareness) နဲ့ အသိပညာတွေကို ပိုပြီး လက်လှမ်းမီနိုင်အောင် ဖန်တီးပေးနိုင်ခြင်းဟာ အရေးကြီးပါတယ်။

Mental Health Matters!

မေတ္တာဖြင့်
Andrea

ကျွန်မနဲ့ Session ( ၉) ချိန် သွားတဲ့ client review ပဲ ဖြစ်ပါတယ်။📍Counseling ဆိုတာ process ပဲဖြစ်ပါတယ်။Process ဆိုတာကိုက ...
31/03/2026

ကျွန်မနဲ့ Session ( ၉) ချိန် သွားတဲ့ client review ပဲ ဖြစ်ပါတယ်။

📍Counseling ဆိုတာ process ပဲဖြစ်ပါတယ်။

Process ဆိုတာကိုက ပထမဆုံး ၁ ချိန်၊ ၂ ချိန်ထိုင်ပြီး ကိုယ်ပြောင်းလဲသွားပါတယ်ဆိုတာမျိုးမဟုတ်ပဲ အချိန်တစ်ခုပေး၊ ကိုယ့်ကိုယ်ကိုသေချာနားလည်အောင် counselor နဲ့အတူတူ အလုပ်လုပ်တဲ့ session ပဲ ဖြစ်ပါတယ်။ ဦးဆုံး sessions တွေဟာ အဖြေဆီသွားတဲ့ session မဟုတ်ပဲ နားလည်အောင်ကြိုးစား exploration သွားတဲ့ session တွေသာ ဖြစ်ပါတယ်။

ဒီစာလေးထဲမှာ ရေးထားသလိုပဲ

“၂ ကြိမ်မြောက်မှာ ရင်မဆိုင်ချင်ပဲ ရှောင်ပြေးချင်မိခဲ့တယ်။ ၄ ကြိမ်မြောက်ကစပြီး အတော်လေးအဆင်ပြေလာတယ်။”

အဆင့်တိုင်းမှာ အတွေးတွေကို mindful ဖြစ်လို့ အလုပ်လုပ်ရတယ်။ ခံစားချက်တွေကို နားလည်ပေးဖို့ အလုပ်လုပ်ရတယ်။ ကိုယ့်ကိုယ်ကို တွန်းအားမပေးမိဖို့နဲ့ reaction ကနေ respond ဖြစ်လာဖို့ အချိန်တွေပေးခဲ့ရပါတယ်။ အပြစ်တင်မှုတွေကို သတိထားပြောင်းလဲလာပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ရတဲ့ ဖြစ်စဉ်ဟာ အချိန်နဲ့အမျှ စိတ်ရှည်စွာ ကိုယ်တိုင် အလုပ်လုပ်ရတဲ့ process တစ်ခုပါပဲ။ ဒါက Journey တစ်ခု ဖြစ်ပါတယ်။

ဒီ ဖြစ်စဉ်လေးအတွင်းမှာ တစိုက်မတ်မတ် ပါဝင်ခဲ့တဲ့ Client ကို အများကြီးလေးစား appreciate ဖြစ်ရသလို “Trust the process” နဲ့အတူ စိတ်ရှည်စွာအလုပ်လုပ်ခဲ့ပေးလို့ ကျေးဇူးတင်ရတယ်။

Change ဆိုတာ သက်တောင့်သက်သာမဖြစ်မှုတွေရှိသည့်တိုင် ကိုယ့်ကိုယ်ကို နားလည်ကရုဏာထားရင်း ပြောင်းလဲရတဲ့ဖြစ်စဉ်ဆိုတာကို သက်သေထူခဲ့တဲ့ evidence လေး တစ်ခုပါပဲ။

ဒီ စာလေးကို ရေးပေးတဲ့ client လည်း နေ့ရက်တိုင်း အေးချမ်းအဆင်ပြေစွာ၊ ပျော်ရွှင်စွာ ကိုယ့်မှာရှိလာတဲ့ ကိုင်တွယ်နည်းတွေနဲ့အတူ ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်ပါစေနော် 🌿✨

အခု Client Feedback အား ယခင်အတိုင်း client ရဲ့ informed consent နဲ့အတူ ပြန်လည်မျှဝေပါတယ်။

-Andrea

[ ❇️ ကျွန်မ Andrea သည် 'Healing with Andrea' ၏ Founder ဖြစ်သကဲ့သို့ BPS ကျင့်ဝတ်စံနှုန်းများအတိုင်း Evidence-based စိတ်ကျန်းမာရေးနှင့် စိတ်ပညာဝန်ဆောင်မှု (Mental Health Counselling & Psychological Services) ပေးနေသူတစ်ဦး ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ Client များစွာကို ကူညီပေးခဲ့သည့် Client အတွေ့အကြုံ Testimonials များကိုလည်း ကျွန်မ၏ Page တွင် ကြည့်ရှုနိုင်ပါသည်။ လူမှုဆက်ဆံရေးနှင့် ဘဝ၏ ခက်ခဲသော အခြေအနေများအတွက် Psychotherapeutic Counselling အကူအညီ လိုအပ်ပါက Messenger မှတစ်ဆင့် ဆက်သွယ်ရယူနိုင်ပါသည် ]

◻️ တွန့်ဆုတ်နေမိတတ်ခြင်းဟာ အားနည်းချက် မဟုတ်ဘူး။◻️ အတွေးလွန်တတ်ခြင်းဟာလည်း  ရှုံးနိမ့်မှု မဟုတ်ဘူး။◻️ သံသယရှိတယ်ဆိုတိုင်...
31/03/2026

◻️ တွန့်ဆုတ်နေမိတတ်ခြင်းဟာ အားနည်းချက် မဟုတ်ဘူး။
◻️ အတွေးလွန်တတ်ခြင်းဟာလည်း ရှုံးနိမ့်မှု မဟုတ်ဘူး။
◻️ သံသယရှိတယ်ဆိုတိုင်းလည်း “ကိုယ် ဘယ်သူပါ” ဆိုပြီး အပြီးမသတ်မှတ်နိုင်ပါဘူး။

ဒါပေမယ့် ဒီအရာတွေအပေါ် ကျွန်မတို့ဟာ “ဒါက ငါပဲ” လို့ တခါတလေ သတ်မှတ်လိုက်မိတတ်ပါတယ်။ “This is me.” ဆိုတဲ့ စကားလုံးလိုပေါ့။

ဒီအရာတွေဟာ တကယ်တော့ အချိန်အတော်ကြာ ကျွန်မတို့နဲ့ ရင်းနှီးလေ့ကျင့်သလို ဖြစ်တည်လာတဲ့ အတွေး pattern တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လူ့စိတ်နဲ့ ဦးနှောက်ဆိုတာကိုက ကျွန်မတို့ဘေးက ပတ်ဝန်းကျင်ဆိုင်ရာတွေ၊ ကိုယ် ရင်ဆိုင်ကျော်ဖြတ်ရရှိလာခဲ့ရတဲ့ အတွေ့အကြုံဆိုင်ရာတွေ၊ နောက် အတိတ်အခြေအနေတွေကနေ တဖြည်းဖြည်း ရင်းနှီးသင်ယူလာခဲ့ပြီး “အလေ့အထ” ဆိုတာတွေ တည်ဆောက်လာကြတယ်။

ဒါကြောင့်ပဲ တချို့အချိန်တွေမှာ ကိုယ်တကူးတကအားမထုတ်နေဦးတောင်
◻️ မလိုအပ်ပဲ စိုးရိမ်လာတာ၊
◻️ တစ်ခုခုမလုပ်ခင် ကိုယ့်ကိုယ်ကို သံသယဝင်လာတာ၊
◻️ ဆုံးဖြတ်ချက်မချနိုင်သေးတာ… စတာတွေ ဖြစ်လာတတ်ပါတယ်။

ဒါဟာ ကိုယ်ရင်ဆိုင်၊ ဖြတ်သန်း၊ ရင်းနှီးသင်ယူလာခဲ့တဲ့ ဘဝအတွေ့အကြုံဆိုင်ရာနဲ့ သင်ယူလာခဲ့မှုဆိုင်ရာတွေလည်း ပါဝင်နေတယ်။

ဒါပေမယ့် ဒီအခြေအနေတွေဆိုတာက တည်မြဲပြီး မပြောင်းလဲနိုင်တဲ့အရာ မဟုတ်ပါဘူး။ ကျွန်မတို့ဦးနှောက်ကလည်း အသစ်တွေကို သင်ယူနိုင်သလိုပြန်လည်လေ့ကျင့်ပြီး ပြောင်းလဲနိုင်စွမ်းလည်း ရှိပါတယ်။

ဒါကြောင့် “ဒါက ငါပဲ” လို့ သတ်မှတ်မိနေတဲ့ အရာတချို့ဟာ တကယ်တော့ အချိန်အလိုက်၊ လေ့ကျင့်မှုအလိုက် ပြောင်းလဲနိုင်တဲ့အရာတွေ ဖြစ်နေတတ်ပါတယ်။

ပြောင်းလဲမှုလို့ ဆိုလိုက်တဲ့အပေါ် အကြီးကြီး ဖြစ်ဖို့ မလိုဘူး။ တစ်နေ့တစ်နေ့မှာ ကိုယ်နိုင်သလောက်၊ ကိုယ်အဆင်ပြေသလောက် နည်းနည်းချင်းစီ တဖြည်းဖြည်း တည်ဆောက်၊ အကောင်အထည် ဖော်သွားနိုင်တယ်။

ဥပမာ -

🔲 ကိုယ့်အတွေးကို သတိထားမိလာအောင် ကြိုးစားတာ၊
🔲 ကိုယ့်ကိုယ်ကို ပြောနေတဲ့စကားတွေအပေါ် နူးညံ့မှုလေးနဲ့ပြောင်းလဲယူတာ၊
🔲 တစ်ခုခုကို မစတင်မီ နောက်ဆုတ်ဖို့ကြိုးစားမိနေတဲ့နေရာမှာ နည်းနည်းလေး အချိန်ယူစဉ်းစားကြည့်တာ…

ဒီလို အစတွေကနေ အသစ်သော အမူအကျင့်တွေ၊ပြောင်းလဲမှုတွေကို ဖြည်းဖြည်းချင်း စတင်လာနိုင်ပါတယ်။

ဒါကြောင့် အခုခံစားနေတဲ့အရာတွေဟာ အမြဲတမ်း ဒီလိုပဲ ဖြစ်နေမယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။

အပြောင်းအလဲတွေဟာ သေးသေးလေးတွေကနေပဲ အရှိန်ယူ စတင်တတ်ပါတယ်…🌿✨

မေတ္တာဖြင့်
Andrea

✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။

🌱 “ကိုယ်နဲ့ မဆုံခဲ့စဉ်ကရှိခဲ့တဲ့ သူ့ရဲ့ အတိတ် relationship အပေါ် သဝန်တိုမိနေတုန်းပဲ” ဒီအခြေအနေဟာ တချို့သူတွေမှာ ဝန်ခံရမှ...
30/03/2026

🌱 “ကိုယ်နဲ့ မဆုံခဲ့စဉ်ကရှိခဲ့တဲ့ သူ့ရဲ့ အတိတ် relationship အပေါ် သဝန်တိုမိနေတုန်းပဲ”

ဒီအခြေအနေဟာ တချို့သူတွေမှာ ဝန်ခံရမှာ ရှက်လို့ အပြင်ကိုထုတ်မပြောဖြစ်တဲ့ ခံစားချက်တွေထဲက တစ်ခုဖြစ်နေတတ်ပါတယ်။

ကိုယ့်ချစ်သူရဲ့ အတိတ်အပေါ် သဝန်တိုစိတ်ဖြစ်နေမိတဲ့ ခံစားချက်ပါ။

လက်ရှိမှာ အရာအားလုံး အဆင်ပြေနေပါလျက်နဲ့ ကိုယ်မသိခဲ့၊ မကြုံခဲ့ဖူးတဲ့ သူတို့ရဲ့ အတိတ်ပုံရိပ်တွေက ကိုယ့်ခေါင်းထဲမှာ အခုပဲ ဖြစ်ပျက်နေသလိုမျိုး တရိပ်ရိပ် ပေါ်လာတတ်ပါတယ်။

▪️“ဘာလို့ သူတို့အတိတ်က ကိုယ့်ကို ဒီလောက် နှိပ်စက်နေရတာလဲ?”
▪️“ဒီအတွေးတွေက မဖြစ်သင့်မှန်း သိပေမဲ့ စဉ်းစားတာ ရပ်လို့မရဘူး ဖြစ်နေတယ်”
▪️“သူ့ရဲ့ အတိတ်က အခု နှစ်ယောက်အတူရှိနေတဲ့ တန်ဖိုးကို လျှော့ချလိုက်သလိုပဲ”

ဒီလို အတွေးတွေ ဝင်လာမိတဲ့ အခြေအနေမျိုးကို ဖြတ်သန်းနေရတယ်ဆိုရင် ဒါဟာ ကိုယ်တစ်ယောက်တည်း ခံစားနေရတာ မဟုတ်ဘူးဆိုတာ အရင်ဆုံး ပြောပြပါရစေ။

📌 Retroactive Jealousy ဆိုတာ ဘာလဲ?

Retroactive Jealousy ဆိုတာ ကိုယ့် partner ရဲ့အတိတ်က ဖြစ်ရပ်တွေအပေါ် တုံ့ပြန်တဲ့ စိတ်လှုပ်ရှားမှု၊ သဝန်တိုမှု ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ဒါဟာ အတိတ်အကြောင်း မဟုတ်ပါဘူး။ အဲဒီအတိတ်က ဖြစ်ရပ်တွေအပေါ် ကိုယ်ရှုမြင်လိုက်တဲ့ "အဓိပ္ပာယ်" နဲ့ ကိုယ့်အတွင်းစိတ်ထဲက "မလုံခြုံမှု" တွေပဲ ဖြစ်ပါတယ်။

အဲဒီ တုံ့ပြန်မှုရဲ့အခြေခံမှာ ဒီလို စိုးထိတ်မှုတွေ ရှိနေတတ်ပါတယ်။

▪️ ငါက မလုံလောက်ဘူးလား?
▪️ ငါ့ကို နှိုင်းယှဉ်ခံရမလား?
▪️ ငါ့နေရာမှာ တခြားသူ အစားထိုးလို့ ရသွားမလား?
▪️ သူ့ရဲ့အတိတ်က အခုလက်ရှိထက် ပိုအဓိပ္ပာယ်ရှိနေမလား?

ဒီလို အတိတ်က လက်ရှိကို ခြိမ်းခြောက်လာတဲ့ခံစားချက်တွေကြောင့် ကိုယ့်အနေနဲ့ သူ့အပေါ် ထားတဲ့အမြင်၊ ဆက်ဆံတဲ့ပုံစံတချို့မှာ အနည်းငယ် သက်ရောက်မှုမျိုးလည်း ရှိနေနိုင်ပါတယ်။

ကိုယ့်ရဲ့ သိစိတ်က "သူ့ရဲ့အတိတ်က အခုငါတို့နဲ့ မဆိုင်ဘူး" လို့ သိနားလည်းနေပေမယ့်လည်း မကြာမကြာဆိုသလို အတွင်းစိတ်ထဲက အဖြေထပ်လိုချင်နေဆဲဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ အတိတ်အကြောင်းတွေကို ပြန်ရှာဖွေတာ၊ အသေးစိတ် မေးမြန်းတာတွေကိုပါ လုပ်မိနေတာမျိုးတွေရှိတတ်ပါတယ်။

Relationship မှာ ဒီခံစားချက်ဖြစ်ပေါ်နေမိတဲ့အခါ ကုစားခြင်းဆီကို ဦးတည်နိုင်ဖို့ဆိုရာမှာ ဒီခံစားချက်ကို အတင်းဖျောက်ဖျက်ပစ်ရမယ့် အရာတစ်ခုလို မမြင်ဘဲ၊ ကိုယ့်ကိုယ်ကို ပိုနားလည်ဖို့ လိုအပ်တဲ့အရာတစ်ခုလို မြင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

ကုစားခြင်းဆိုတာ ကိုယ့်လက်တွဲဖော်ရဲ့ အတိတ်ကို ပြင်ဆင်တာမဟုတ်ဘဲ ကိုယ့်
အတွင်းစိတ်ထဲမှာ လုံခြုံမှုကို ပြန်လည် တည်ဆောက်ခြင်း ဖြစ်ပါတယ်။

ဒီအချက်လေး တချို့ကိုလည်း စမ်းသပ်ကြည့်နိုင်ပါတယ်။

▪️အတိတ်ကိုပြန်တွေးမိတဲ့စိတ် ပေါ်လာတဲ့အခါ "အခု ငါ့စိတ်က အတိတ်ကို သွားနေပြီ၊ အခု ငါ့နားမှာ သူရှိနေတယ်" လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးကြည့်နိုင်ပါတယ်။

▪️ဘယ်လိုအချိန်မှာ ကိုယ့်ဆီ ဒီလို အတွေးတွေ ဝင်လာတတ်လဲဆိုတာ သတိထားကြည့်ပါ။ မလုံခြုံတဲ့စိတ်ဖြစ်လာမှုအပေါ် ကိုယ်တိုင်
ပြန်လည်နွေးထွေးသက်သာစေကြည့်လို့ရပါတယ်။

▪️ "သူ့ရဲ့ အတိတ်က ငါတို့ ၂ ယောက်ရဲ့ဘဝအတွက် ဘာလို့ အရေးကြီးနေဖို့ လိုတာလဲ?"

“ဒီအတိတ်ကို သဝန်တိုနေမိစိတ်က တကယ်တော့ ဘယ်လို ခံစားချက်မျိုးကို ဖုံးကွယ်ထားတာလဲ? (ကြောက်ရွံ့မှုလား၊ ဝမ်းနည်းမှုလား၊ ရှက်ရွံ့မှုလား?)”

အစရှိတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် ပြန်လည်မေးမြန်း ဆန်းစစ်ကြည့်နိုင်ပါတယ်။

ကိုယ်ချစ်တဲ့သူရဲ့ ကိုယ်မပါဝင်ခဲ့သေးတဲ့ အတိတ်အပေါ် မနာလိုဖြစ်မိတာဟာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ဟာ အခုအချိန်မှာ လက်ရှိ ရင်းနှီးမှု၊ နားလည်မှုနဲ့ ချစ်ခြင်းမေတ္တာကို လုံခြုံမှုရှိရှိ ခံစားပိုင်ခွင့်ရှိပါတယ်။

လွန်ခဲ့ပြီးသော အတိတ်ကနေ ဖြည်းဖြည်းချင်း၊ ညင်သာစွာနဲ့ လက်ရှိပစ္စုပ္ပန်ဆီကို ပြန်လာဖို့ ကြိုးစားကြည့်နိုင်စေဖို့ရည်ရွယ်ရင်း ဒီစာလေးကို အဆုံးသတ်ပါရစေ။

မေတ္တာဖြင့်
Andrea

✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။

Reference:
Stockill, J. (2013). Overcoming Retroactive Jealousy: A Guide to Getting Over Your Partner's Past and Finding Peace.

#စိတ်ပညာ

30/03/2026

တချို့သောနေရာတွေမှာ အချိန်ယူရတတ်ပါတယ်…🪴✨

-Andrea

နေ့သစ်တစ်ရက်ကပြီးသွားခဲ့တဲ့ “မနေ့” ကိုပယ်ဖျက်မပေးနိုင်ပေမယ့်…နောက်ထပ် ပြန်ကြိုးစားနိုင်ဖို့နေရာလေးတစ်ခုတော့ ပြန်ပေးထားပါ...
30/03/2026

နေ့သစ်တစ်ရက်က
ပြီးသွားခဲ့တဲ့ “မနေ့” ကို
ပယ်ဖျက်မပေးနိုင်ပေမယ့်…

နောက်ထပ် ပြန်ကြိုးစားနိုင်ဖို့
နေရာလေးတစ်ခုတော့ ပြန်ပေးထားပါတယ် …🪴✨

မေတ္တာဖြင့်
Andrea

ที่อยู่

Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Andreaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Andrea:

แนะนำ

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram