12/24/2025
အဆင့်စာလုံးများ
လက်လီလက်ကား လက်လီလက္ကား ဘယ်ဟာ အမှန်လဲ မခွဲခြားတတ်လို့ပါ ဒေါက်တာ
နှစ်မျိုးလုံးရေးကြတာတွေ ရှိတယ်။ သတ်ပုံမပျက်စေပါ။
၁။ ကျွန်တော်တို့ မြန်မာစာမှာ လိမ္မာလို့ ရေးပါတယ်၊ လိမ်မာ တယ်လို့မရေးပါဘူး။ ဒါပေမဲ့ဘာလို့ လိမ်လိမ်မာမာလို့ ရေးကြတာပါလဲ၊ ဘာလို့ နှစ်လုံးဆင့်တွေမထည့်တော့ပဲ အသံထွက်အတိုင်း တိုက်ရိုက်ရေးကြတာလဲ သိလိုပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ် (ကျွန်တော့ကို မေးတာတော့ မဟုတ်ပါ။)
၂။ ဆရာ စင်္ကြာဆိုတဲ့စကားလုံး ရှိပါသလား။ ကျွန်တော်ငယ်ငယ်က တွေ့ဖူးတယ်လို့ စိတ်ကထင်လို့ပါဆရာ။ ကလေးငယ်တွေကစားတဲ့ လေတိုက်ရင်လည်တဲ့ကစားစရာကို အဲ့လိုခေါ်ပါသလားခင်ဗျာ။ (မရှိပါ။ စကြာလို့သာရေးရတယ်။ စင်္ကြာလို့ရေးရင် စင်ကြာဖြစ်သွားမယ်။ စကြာ၊ စကြဝဠာ၊ မယ်စကြဝဠာ၊ စကြဝတေးမင်း။)
၃။ ဆရာခင်ဗျ ယောကျာ်း မိမ္မလို့ရေးထားတာ မြန်မာတိုင်းရင်းဆေးတခုမှာတွေ့မိပါတယ်ဆရာ အရင်ကအရေးအသားမျိုးရှိခဲ့ဘူးလို့ရေးထားတာလားဆရာမသဲကွဲလို့ပါ မိမ္မ မိန်းမ (ယောက်ျားလို့ ရေးရတယ်။ အသတ်နေရာ လွဲနေတယ်။ တချို့က ယောင်္ကျားတဲ့။ မှားတယ်။ အဲလိုရေးရင် ယောင်ကျားဖြစ်သွားမယ်။)
၄။ ကျန်းမာကို ကျမ်းမာ၊ ကျမ္မာ လို့ရေးနေကြတုန်း၊
၅။ ဆရာ ကျန်းနဲ့ ကျမ်း။ ဥပမာ ကျန်းမာနဲ့ ကျမ်းမာအကြောင်း သိချင်ပါတယ်ဆရာ။ (ကျမ္မာလို့ အရင်ကရေးကြတယ်။ အခုတော့ ကျန်းမာလို့ရေးကြတယ်။ နှစ်မျိုးလုံးက နေကောင်းတာတွေပါပဲ။)
၆။ ပန်းတနော်မြို့နယ်၊ မိမ္မပြေးအုပ်စု။
အရင်က ဖြတ်လမ်းရေးနည်းတွေ လုပ်ခဲ့ကြတယ်။ အဆင့်တွေပါလေ့ရှိတဲ့ ပါဠိစာနဲ့ မြန်မာစာ ရောနေတာများခဲ့တယ်။ အဲတာတွေကို မဆင့်တော့ပဲ ခွဲရေးတာဟာ ပိုရှင်းလင်းပြီး အဓိပ္ပါယ်လည်း မပျက်စေလို့ သင့်မှန်တယ်။
မိုဃ်း၊ ကျမ္မာရေး၊ ဆြာ၊ မင်းသ္မီး၊ မိုဃ်း၊ မဲးဇာ၊ ယ္ခင်၊ မြမ္မာ၊ သ္ခင်၊ သဲး၊ ဥူး၊ ဧး၊ သ္ခင်၊ ယ္ခင်၊ ယ္ခု၊ မိမ္မ၊ ဆုမ္မ၊ တွေကိုလည်း အခု မရေးကြတော့ပါ။ အဲလိုပြောင်းလဲခြင်းကသာ ခေတ်အရပြောင်းတာမည်ပါတယ်။ ဝါစင်္ဂ = ဝါစ + အင်္ဂ = စကား + အစိတ်အပိုင်းကတော့ ပါဠိကနေလာတယ်။
အဲဒီခေတ်မှာ ပါဠိကို အသုံးများခဲ့လို့ မြန်မာစာလုံးအစစ်တွေမှာပါ အဆင့်တွေနဲ့ရေးကြတယ်။ သ္ခင်၊ ယ္ခင်၊ ယ္ခု၊ ကျမ္မာ၊ မင်းသ္မီး၊ မြမ္မာ၊ မိမ္မ၊ ဆုမ္မ၊ စသည်။ အဲတာတွေကို မဆင့်တော့ပဲ ခွဲရေးတာဟာ ပိုရှင်းလင်းပြီး အဓိပ္ပါယ်လည်း မပျက်စေလို့ သင့်မှန်တယ်။ အရင်ကမှန်နေတာကို ပိုခက်အောင် လွဲအောင်ရေးတာကို သဘောမတူပါ။
အဲဒီခေတ်မှာပဲ မြန်မာစာလည်း မဟုတ်၊ ပါဠိလည်းမဟုတ်တဲ့စကားလုံးတွေမှာပါ အဆင့်နဲ့ရေးကြတယ်။ ဥပမာ အင်္ဂလိပ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အစ္စရေး၊ ဣသရေလ၊ စသည်။ အဲတာတွေကို အဆင့်မပါဘဲရေးလည်း သတ်ပုံပျက်စရာမရှိပါ။
မပြောင်းသင့်တဲ့အဆင့်တွေရှိတယ်။ မန္တလေး၊ မိတ္ထိလာ (မိတ္ထီလာ) မုတ္တမ၊ ပခုက္ကူ၊ ဟုမ္မလင်း၊ နတ္တလင်း၊ မုပ္ပလင်၊ အလ္လကပ္ပ၊ သခွတ္တနယ်၊ သေတ္တရာရွာ၊ သာဝတ္ထိ၊ စေတုတ္တရာ၊ နမ္မတူ၊ သရေခတ္တရာ၊ ညောင်ငုတ္တို ခေတ္တ၊ ခေတ္တရာ၊ မေတ္တာ၊ သေတ္တာစတဲ့အမည်တွေ ဆက်ရေးသင့်တင်တယ်။ အကျႌကိုလည်း မပြင်သင့်သေးပါ။
ဣသရေလကို အစ္စရေးလို့ရေးလာတာ သင့်တယ်။ အစ်စရေး၊ အစ်ဇရေးလို့ရေးလည်း မမှားပါ။ အင်္ဂလိပ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယားတွေကိုလည်း မပြင်သေးတာကောင်းဦးမယ်။
အရင်ကလည်း အတိုနည်းတွေရှိခဲ့တယ်။ မြောက်ကို မြောံ ၊ ပျောက်ကို ပျောံ၊ ဆရာကို ဆြာ၊ မောင်ကို (င်) တဲ့။
စွဲး၊ စဲး၊ ထဲး၊ ၍့၊ ၏့၊ မှု့၊ သဲး၊ ဧးတွေမှာ အောက်မြစ်နဲ့ ဝိသဇ္ဇနီတွေမပါပဲ ရိုးရိုးလေးရေးလာတာကြာပြီ။ အခုမှတခါ အဲတာတွေ ထပ်ထည့် ရေးနေကြပြန်တယ်။ လူ့စိတ်ဆိုတာ အဲလိုပဲ။
မူကွဲသတ်ပုံဆိုတာလည်း ဟိုအရင်ကတည်းက ရှိခဲ့တယ်။ ပဌမနဲ့ ပထမ၊ သမတ နဲ့ သမ္မတ၊ ဒါး နဲ့ ဓါး၊ အိပ်ရာ နဲ့ အိပ်ယာ၊ နတ်ရှင်နောင်နဲ့ နတ်သျှင်နောင်၊ မုံ့ နဲ့ မုန့်၊ တရုပ်နဲ့ တရုတ်။ အဲတာကို တမျိုးတည်းလုပ်ခိုင်းတာ မသင့်ပါ။
လိမ်လိမ်မာမာ လို့ ပိုပြီးလေးနက်စေအောင်သုံးတဲ့ စကားနဲ့ အရေးအသားအကြောင်း ကျွန်တော့်ထက်သိသူတွေက ရေးထားကြပါတယ်။
မန်းလေးလို့ ရေးနေကြတာကိုတော့ သဘောမကျပါ။
အရင်က တရုပ်ပြေးမင်းကို တရုက်ပ္လိယ်မင်းလို့ ရေးခဲ့တယ်။ တချို့အပြောင်း ကောင်း၏။
ဒေါက်တာတင့်ဆွေ