Counseling with Craton

Counseling with Craton Licensed psychotherapist, alcohol & drug counselor, writer, mental health educator and advocate. Trained in EMDR, neurofeedback, CBT, DBT, ACT, and TREM.

04/19/2026

ဗေဒါရောင် Camas ပန်းလေးတွေက တစ်နှစ်မှ တစ်ခါ ဧပြီလလယ်မှာပဲပွင့်တာ။ ဒီဒေသမှာပဲပေါက်တဲ့ native သဘာဝပေါက်ပင် တောရိုင်းပန်းတစ်မျိုးပေါ့။ ဒါကတော့ အိမ်နားလေးမှာပဲ ရိုက်ထားတာ။

04/15/2026

Dunning-Kruger effect ဆိုတဲ့ concept ကို ၁၉၉၉ ခုနှစ်မှာ David Dunning နဲ့ Justin Kruger ဆိုတဲ့ စိတ်ပညာသုတေသီနှစ်ဦးက သုတေသနလုပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ တွေ့ရှိခဲ့တာကတော့ တကယ် တတ်ကျွမ်းနားမလည်သေးသူ၊ အရည်အချင်းနဲ့ အတွေ့အကြုံ နည်းပါးသေးသူ (incompetent ဖြစ်သူတွေ) ဟာ ကိုယ့်စွမ်းရည်ကို အရှိအတိုင်းထက် ပိုမိုခန့်မှန်းတတ် (overestimate လုပ်တတ်) ပြီး၊ တကယ် တတ်ကျွမ်းနားလည်သူတွေ (competent ဖြစ်သူတွေ) ကတော့ ကိုယ့်ကိုယ်ကို တောက်ပမြင့်မားနေတယ်၊ သာလွန်တော်တတ်နေတယ်လို့ မသတ်မှတ်ကြပါဘူးတဲ့။

သုတေသန ဘယ်လိုလုပ်ခဲ့လဲဆိုတော့…. လူတွေကို Logic, Grammar, Humor (ဟာသဉာဏ်ရှိမှု၊ ဟာသကို နားလည်နိုင်မှု) စတဲ့အပိုင်းတွေမှာ စစ်ဆေးမှုတွေလုပ်ပြီး Test လေးတွေ ဖြေစေပါတယ်။ ပြီးရင် “မင်းအဆင့် ဘယ်လောက်ရှိမယ်ထင်လဲ” လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ခိုင်း (rate လုပ်ခိုင်း) တယ်။

ရလဒ်ကတော့… ရမှတ်နည်းတဲ့ အောက်ဆုံး ၂၅% လောက်က ကိုယ့်ကိုယ်ကို အမြင့်ကြီး ပို rate လုပ်တယ်။ ရမှတ်များတဲ့ အပေါ်ဆုံး (top performers) ကလူတွေကတော့ ကိုယ့်ကိုယ်ကို လျှော့ပြီး rate လုပ်တယ်။ ဆိုလိုတာက.. မသိတဲ့သူတွေက “ငါတော်တယ်” လို့ ထင်တယ်။ တကယ်တတ်တဲ့သူတွေက “အခြားလူတွေလည်း ဒီလောက်တတ်ကြတာပဲ” လို့ ထင်တယ်။ ကိုယ်မတတ်တာကို သိဖို့ တတ်မှုတစ်ခု လိုသလို ကိုယ်မသိတာကိုသိဖို့လည်း သိမှုတစ်ခုလိုပါတယ်။

ကိုယ်မတတ်တဲ့ ဘာသာရပ်တစ်ခုရှိတယ်ဆိုရင် အဲဒီ ဘာသာရပ်ကို အနည်းဆုံး နားလည်ထားမှပဲ “ငါမသိသေးဘူး၊ မတတ်သေးဘူး” ဆိုတာကို သိနိုင်ပါမယ်။ ဒါကို ဆန်းစစ်/ဆင်ခြင်/ထိုးဖောက်နိုင်စွမ်း (သို့မဟုတ်) မိမိရဲ့တွေးခေါ်မှုအပေါ် ပြန်လည်တွေးခေါ်နိုင်ခြင်း (Metacognition) လို့ ခေါ်ပါတယ်။ ကိုယ့်အသိတရား၊ ဉာဏ်ပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ပြန်လည်ဆက်စပ်တွေးခေါ်တာ၊ ဘက်လိုက်မှုမရှိဘဲ သုံးသပ်နိုင်တာမျိုးပါ။

ဒါကြောင့် ခုမှ စအလုပ်လုပ်သူတွေ၊ အတွေအကြုံ ဉာဏ်ပညာ ဗဟုသုတ နည်းသေးသူ (beginners) တွေဟာ ကိုယ့်အမှားကိုယ် တော်ရုံမမြင်နိုင်တာမျိုး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲပြီး overconfident ဖြစ်တာမျိုး ဖြစ်လေ့ရှိပါတယ်။

ဥပမာ - ကားမောင်းသင်ပြီး ၂လ ၃လလောက်နဲ့ “ငါတော့ ကျွမ်းကျင်သူအဆင့် ရောက်နေပြီ” လို့ အထင်ရောက်တတ်တာမျိုးပေါ့။ ဒါပေမယ့် မိုးရွာတဲ့အချိန် ယာဉ်ကို ထိန်းချုပ်နိုင်မှု၊ အရေးပေါ် အခြေအနေမှာ safe ဖြစ်အောင် ဘရိတ်အုပ်နိုင်မှု၊ အဝေးပြေးလမ်းပေါ်မှာ ကျွမ်းကျင်လုံခြုံစွာ မောင်းနှင်ရပုံတွေကို မတွေ့ကြုံဖူးသေးရင် expert အဆင့်ဆိုတာကို သူ နားမလည်သေးပါဘူး။ သူ့ရဲ့ အရည်အချင်းကို အလွန်အကျွံခန့်မှန်း၊ overestimate လုပ်နေတာပါ။

YouTube video လေး ၁၀ခု၊ အခု ၂၀လောက်ကြည့်ပြီး “ရင်းနှီးမြှုပ်နှံမှုလုပ်နည်း၊ crypto trading တွေ အကုန်သိပြီ” လို့ ထင်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် စွန့်စားမှု စီမံခန့်ခွဲခြင်း (risk management)၊ စျေးကွက် စိတ်ပညာ (market psychology)၊ ရေရှည်ဗျူဟာချနည်း (long-term strategy) တွေကို မနားလည်သေးဘူး။ ဒါလည်း Dunning-Kruger effect ပဲဖြစ်ပါတယ်။

တကယ် ကျွမ်းကျင်မှု (skill) မြင့်တဲ့သူတစ်ယောက်က “ငါသိတာက တစ်စိတ်တစ်ပိုင်းပဲရှိသေးတယ်” လို့ ပြောတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဘာသာရပ်ရဲ့ ကျယ်ပြန့်နက်ရှိုင်းမှု (depth) ကို သိပြီးသားမို့ သူမသိသေးတာတွေ အများကြီးရှိနေတာကို သဘောပေါက်နေလို့ပါ။

နောက်ပိုင်း လေ့လာမှုတွေကလည်း ဒီအယူအဆကို ထောက်ခံထားပါတယ်။ သူတို့အဆိုအရ ကျွမ်းကျင်မှုနည်းတဲ့သူတွေမှာ ကိုယ့်ကိုယ်ကို သိရှိနားလည်မှု (self-awareness) အားနည်းတယ်၊ တုံ့ပြန်ချက် (feedback) မရရင် ယုံကြည်မှုလွန်ကဲခြင်း ဆက်ဖြစ်နေတတ်တယ်၊ လေ့ကျင့်မှု (training) နဲ့ feedback ရရင် self-awareness တိုးလာနိုင်တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် … “ငါတော့ အရမ်း confident ဖြစ်နေပြီ၊ အကုန်သိအကုန်တတ်နေပြီ၊ သူများထက် အတော်သာနေပြီ” လို့ အထင်ရောက်ပြီဆိုရင် “တကယ် တတ်သိနားလည်လို့ ဒီလိုထင်တာလား။ ဒါမှမဟုတ် တကယ် သေချာမသိသေးလို့လား” ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်မေးမြန်းကြည့်ပါ။ အမြဲတမ်း feedback ရှာဖွေပါ။ ကိုယ့်ထက်တတ်တဲ့သူတွေ ဘာတွေပြော၊ ဘာတွေလုပ်နေလဲ လေ့လာပါ။ “ငါမသိသေးတာတွေ ရှိနိုင်တယ်” ဆိုတဲ့ စိတ်နေသဘောထား (mindset) ကို ထားပါ။

ဆိုတော့… Dunning-Kruger effect ဆိုတာ

- မသိတာကို မသိတာ၊
- သိလာတော့မှ မသိတာတွေကို သိလာတာ၊
- နောက်ဆုံးမှာ မျှတမှု (balanced) ဖြစ်လာတာ။

ဒါဟာ သင်ယူမှု ခရီးစဉ် (learning journey) တစ်ခုဖြစ်တာမို့ ဒီသဘောတရားကို နားလည်ထားရင် ဆုံးဖြတ်ချက်ချရာမှာလည်း ပိုမိုတိကျလာနိုင်သလို ကိုယ့်ရဲ့မသိသေးခြင်းတွေကိုလည်း ပိုနားလည်လာပါလိမ့်မယ်။ မာနများခြင်း၊ ဂုဏ်ယူပလွှားခြင်း၊ ကြွားဝါမောက်မာခြင်းတို့လည်း နည်းပါးသွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့က အရေးကြီးပေမဲ့ အလွန်အကျွံမဖြစ်ဖို့နဲ့ လူတကာကို အထင်သေးပြီး ကိုယ်သာသိ၊ ကိုယ်သာတော်၊ ကိုယ်သာတတ်ဆိုတာမျိုး မဖြစ်ဖို့လည်း အရေးကြီးပါတယ်။

Counseling with Craton

အပျင်းတစ်ချင်​နေ​ပေမဲ့လည်း routine ပြတ်မှာစိုးလို့ ၄၅မိနစ်​လောက်​တော့ အပြင်ထွက်ပြီး ပြေးလိုက်​သေးတယ်။ နေသာ​ပေမဲ့ အ​အေးဓာ...
04/13/2026

အပျင်းတစ်ချင်​နေ​ပေမဲ့လည်း routine ပြတ်မှာစိုးလို့ ၄၅မိနစ်​လောက်​တော့ အပြင်ထွက်ပြီး ပြေးလိုက်​သေးတယ်။ နေသာ​ပေမဲ့ အ​အေးဓာတ်က နည်းနည်းရှိ​နေတယ်။ ပန်း​တွေက​တော့ ရှယ်ပွင့်၊ ရှယ်​ကြွေ။ ပိတောက်ပန်းတွေ သတိရလိုက်တာ။ အားလုံး မြန်မာနှစ်သစ်မှာ ရွှင်လန်းပါစေ။

နေသာတဲ့ရက်တွေက ရှားတာမို့
04/12/2026

နေသာတဲ့ရက်တွေက ရှားတာမို့

အိမ်ကနေ အလုပ်လုပ်ရတဲ့​နေ့​တွေမှာ တစ်နေ့တစ်​ခေါက်​တော့ အပြင်လမ်းထွက်လျှောက်ဖြစ်အောင် ကြိုးစားတယ်။ အလုပ်စားပွဲမှာ screen t...
04/08/2026

အိမ်ကနေ အလုပ်လုပ်ရတဲ့​နေ့​တွေမှာ တစ်နေ့တစ်​ခေါက်​တော့ အပြင်လမ်းထွက်လျှောက်ဖြစ်အောင် ကြိုးစားတယ်။ အလုပ်စားပွဲမှာ screen time တွေတောက်လျှောက်ကြည့်ရတာရော၊ အထိုင်များတာရောကြောင့် တစ်နေ့ နာရီဝက်လောက်တော့ အပြင်ထွက်၊ နေရောင်ခြည်နဲ့ထိ၊ အဝေးကို ခဏကြည့်ပြီး လေဝဝရှူလိုက်တယ်။ ဆေးခန်းထိုင်တဲ့နေ့တွေကတော့ in-person session တွေ ဆက်တိုက်ကြည့်ရင်း documentation တွေ တစ်နေ့စာတစ်နေ့ ပြီးအောင်ရေးရ၊ သိမ်းရ၊ တင်ရတာမို့ အချိန်လုနေရတယ်။ တခါတလေ ထမင်းတောင် လုစားရတယ်။ Client နည်းတဲ့ရက်မျိုးက in-person day ဆိုရင် ရှားတယ်။ အချိန်ရရင်တော့ ၁၅မိနစ်လောက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားလေးဆင်းပြော၊ ကော်ဖီလေး tea လေးဘာလေးဆင်းသောက်၊ တစ်နေ့စာ စိတ်ဖိစီးမှုလေးတွေ နည်းနည်းပါးပါး rant လုပ်ပြီးရင် စိတ်ပေါ့သွားရော။ အလုပ်ကပြန်ရင် ခုဆို ညနေဘက်တွေ therapist သူငယ်ချင်းနဲ့ ညစာထွက်စားတာမျိုး၊ ဆေးခန်းနားက တခြားမိတ်ဆွေတွေနဲ့ ခဏတွေ့ hang out လုပ်တာမျိုးတွေ လုပ်ဖြစ်တယ်။ ခရီးသွားမယ့်အ​ကြောင်း​တွေ စီစဉ်တိုင်ပင်ရင်း​ပေါ့။ တစ်ပတ်တစ်ည​တော့ မြန်မာသူငယ်ချင်း​တွေနဲ့ ဆုံဖြစ်ပြီး မြန်မာလို​တွေ အားရပါးရ​ပြော​ပေါ့။ တချို့ weekend တွေမှာ စာသင်တဲ့အလုပ်ကလည်းလုပ်သေး၊ private practice ကလည်း ရှိသေးတာဆိုတော့ စိတ်ကို နားနိုင်သမျှနားတယ်။ weekend တိုင်းတော့အလုပ်မလုပ်ပါဘူး။ ကိုယ့်ကိုယ်ကို workaholic ဖြစ်တယ်လို့လည်း မထင်ဘူး။ အလုပ်ကို နည်းနိုင်သမျှနည်းအောင်ပဲ လုပ်ချင်တာ။ နည်းနည်းလုပ်၊ များများနား၊ ဘဝကို enjoy လုပ်။ ကံကောင်းတာတစ်ခုက ဝါသနာနဲ့ အလုပ် တစ်ထပ်တည်းကျနေတော့ ပင်ပန်းတယ်လည်း မထင်ပါဘူး။ နေ့ရက်တိုင်းနီးပါးဟာ စိတ်ကျေနပ်နေရတာပါပဲ။

ရည်းစားဟောင်း ရိုက်ပေးခဲ့ဖူးတဲ့ပုံတွေထဲ အလှဆုံးပုံလို့ထင်တာပဲ။ အဖတ်တင်ခဲ့တဲ့ ဘဝ သင်ခန်းစာတွေ၊ အဆင်ပြေတဲ့ ဘဝ​နေနည်းတွေနဲ့...
04/07/2026

ရည်းစားဟောင်း ရိုက်ပေးခဲ့ဖူးတဲ့ပုံတွေထဲ အလှဆုံးပုံလို့ထင်တာပဲ။ အဖတ်တင်ခဲ့တဲ့ ဘဝ သင်ခန်းစာတွေ၊ အဆင်ပြေတဲ့ ဘဝ​နေနည်းတွေနဲ့ အသုံးတည့်တဲ့လူသားတစ်ယောက်ဖြစ်နေကြောင်း ကျွန်တော့်အချစ်တွေကို အကုန်ရထားတဲ့ လက်ရှိချစ်သူက နေ့တိုင်းမြင်တွေ့ခံစားနေရတယ်။ သူ​ရော ကျွန်​တော်ရောဟာ ကံ​ကောင်းတဲ့သူနှစ်ဦးပဲ။ ကျွန်တော်တို့အတိတ်က ကျွန်တော်တို့ကို သန်မာကျစ်လစ်အောင် ထုဆစ်ပေးနိုင်သလို ရုန်းမထွက်နိုင်အောင်လည်း ချုပ်တီးထားနိုင်တယ်။ လွတ်မြောက်သွားတယ်ဆိုတာ ရွေးချယ်မှုတစ်ခုပဲ။ အတိတ်ကို အတိတ်မှာပဲထားပြီး အ​ကောင်းဆုံး ရှေ့ဆက်ဖို့ပဲ နေ့တိုင်းရွေးချယ်နိုင်အောင် ကြိုးစားတယ်။ ကိုယ့်ဘေးနားကချစ်သူကို မနက်ဖြန်မှာတွေ့ရဖို့ မသေချာတော့သလို ပုံစံမျိုးနဲ့ ကြင်နာနွေးထွေးနိုင်အောင် နေ့တိုင်းဆက်ဆံတယ်။ တကယ်လည်း မနက်ဖြန်တွေက သေမှမသေချာတာ။ ဒီနေ့အတွက်ပဲ အဆင်အ​ပြေဆုံး၊ အကြင်အနာဆုံး ရှင်သန်ဖို့ ရွေးချယ်တယ်။

ဒီနေ့တော့ နေသာတာနဲ့ တစ်နာရီလောက် ပြေးဖြစ်တယ် 🏃 အသက်ရှူရတာ ဝ​နေတာပဲ။ နွေဦးက တော်တော်လှနေပြီ
04/04/2026

ဒီနေ့တော့ နေသာတာနဲ့ တစ်နာရီလောက် ပြေးဖြစ်တယ် 🏃 အသက်ရှူရတာ ဝ​နေတာပဲ။ နွေဦးက တော်တော်လှနေပြီ

စပျစ်ခြံတွေ​ပေါပြီး ဝိုင်တွေချက်လုပ်တဲ့ Dayton ဆိုတဲ့ မြို့ငယ်လေးရဲ့ အဝင်အဝ။ ဝိုင်ဆိုရင် အနီထက် အဖြူနဲ့ ရိုဇေး ကို ပိုကြ...
04/04/2026

စပျစ်ခြံတွေ​ပေါပြီး ဝိုင်တွေချက်လုပ်တဲ့ Dayton ဆိုတဲ့ မြို့ငယ်လေးရဲ့ အဝင်အဝ။ ဝိုင်ဆိုရင် အနီထက် အဖြူနဲ့ ရိုဇေး ကို ပိုကြိုက်တယ်။ ရိုဇေး (Rosé) အေးအေးလေးဆိုရင် ရှုခင်းလေးကြည့်၊ စကားလေးတ​ပြော​ပြောနဲ့ လေညှင်းခံရင်းသောက်ရတာမျိုး သိပ်သဘောကျတာ။

04/03/2026

ကိုယ့်ဘဝ၊ ကိုယ့်အဖြစ်အပျက်တွေကို သူများနဲ့ သွားသွားယှဉ်လို့ မရဘူး။ သူများနဲ့ကိုယ်နဲ့ အတွေ့အကြုံ၊ ဘဝပေး အခြေအနေ၊ မိသားစုတွေ၊ စားဝတ်နေရေးတွေ၊ စီးပွါးရေးတွေ၊ စိတ်ကျန်းမာရေးတွေ၊ ဦး​နှောက်ဖွံ့ဖြိုးမှုနဲ့ အလုပ်လုပ်ပုံ​တွေ၊ identity and personality တွေ၊ အခွင့်အ​ရေး အခွင့်အလမ်း​တွေ၊ advantage/disadvantage တွေ၊ privilege တွေ၊ တခြား social and environmental factors တွေ တစ်ထပ်တည်း တူတာမဟုတ်ဘူး။ ကိုယ့်အခြေအနေကိုပဲ ကိုယ့်ဟာကိုယ် ကြည့်ရှုသုံးသပ်ပြီး ဘာလုပ်ရင်ကောင်းမလဲ၊ ဘာမလုပ်သင့်ဘူးလဲ ဆုံးဖြတ်ရွေးချယ်ရမှာ။ သူများတွေ ရှေ့ရောက်နေလို့ ကိုယ့်ကိုယ်ကို အားငယ်/အပြစ်တင်စရာ မလိုသလို သူများရှေ့ကိုယ်ရောက်နေတယ်ဆိုပြီးလည်း ဂုဏ်ဆာ/မြောက်ကြွနေစရာ မလိုဘူး။ ကိုယ့်အနေအထားကကိုယ်၊ သူများကသူများပဲ။ Context တွေချင်း မတူကြဘူး။

Counseling with Craton

ပန်းတွေဖူးနေတာအစ၊ မြက်ခင်းပြင်တစ်နေရာမှာ ရှဉ့်ကလေး အစာစားနေတာအလယ်၊ သမုဒ္ဒရာမှာနေဝင်တာကို တစိမ့်စိမ့်ထိုင်ကြည့်ရင်း လှိုင...
04/01/2026

ပန်းတွေဖူးနေတာအစ၊ မြက်ခင်းပြင်တစ်နေရာမှာ ရှဉ့်ကလေး အစာစားနေတာအလယ်၊ သမုဒ္ဒရာမှာနေဝင်တာကို တစိမ့်စိမ့်ထိုင်ကြည့်ရင်း လှိုင်းသံတွေကိုနားထောင်ဖြစ်တာအဆုံး mindfulness and gratitude ကို သေချာခံစားမိတယ်။ ဘဝရဲ့ပျော်ရွှင်အောင်မြင်ခြင်းဆိုတာ ကျွန်တော့်အတွက်တော့ ဒီလိုအရာလေးတွေကို enjoy လုပ်နိုင်တဲ့ စိတ်နေစိတ်ထားရှိနိုင်ခြင်းပါပဲ။ (ပုံတွေအားလုံး ကျွန်တော် ပြီးခဲ့တဲ့အပတ်က ရိုက်ထားတာပါ)

ဧပြီ ၁၂ ရက်နေ့ ဒီအတန်းစသင်ပြီဗျာ
03/26/2026

ဧပြီ ၁၂ ရက်နေ့ ဒီအတန်းစသင်ပြီဗျာ

🌿✨ Group Supervision & Counseling Courses Program Course 2 in April 🌿✨

Course Topic: Developmental Psychology and Humanistic Therapy

🌼ဖွံ့ဖြိုးမှုဆိုင်ရာ စိတ်ပညာ (Developmental Psychology) ဆိုတာ လူသားတွေ ပဋိသန္ဓေ စတည်ချိန်ကနေ ငယ်ဘဝ၊ ဆယ်ကျော်သက်အရွယ်၊ လူလတ်ပိုင်းအရွယ်၊ နောက်ဆုံး သက်ကြီးပိုင်းအဆင့်ထိ တစ်သက်တာကာလလုံး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ၊ ဦးနှောက်ပိုင်းဆိုင်ရာ၊ သိမြင်/ယုံကြည်မှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ ဘာသာစကား, တွေးခေါ်နိုင်စွမ်း, ပြဿနာဖြေရှင်းနိုင်စွမ်း, ကိုယ်ပိုင်စရိုက်ဖွံ့ဖြိုးလာပုံ, မိမိကိုယ်ကိုယ်သိစိတ်, အများနဲ့ဆက်ဆံရေးတည်ဆောက်မှုဆိုင်ရာ စတာတွေကို လေ့လာတဲ့ စိတ်ပညာရပ်ခွဲ တစ်ခုပါ။
🌼ဖွံ့ဖြိုးမှုဆိုင်ရာ စိတ်ပညာဟာ လူသားတစ်ယောက် ဘာကြောင့် ဒီလိုပြုမူပြောင်းလဲလာတယ်၊ ဘဝရဲ့အဆင့်တစ်ခုချင်းစီမှာ ဘာတွေပြောင်းလဲသွားတယ်ဆိုတာကို နားလည်အောင် လေ့လာတဲ့ ပညာရပ်ဖြစ်ပြီး၊ ဒီအသိပညာက ကလေးပြုစုပျိုးထောင်ခြင်း၊ ပညာရေး၊ လူမှုရေးဝန်ဆောင်မှုနဲ့ စိတ်ကျန်းမာရေးစတဲ့ နယ်ပယ်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
🌼လူသားအခြေပြု ကုထုံး (Humanistic Therapy) ဆိုတာကတော့ စိတ်ကုထုံး (Psychotherapy) နည်းလမ်းတစ်ခုဖြစ်ပြီး လူသားတိုင်းမှာ ကိုယ်ပိုင်တန်ဖိုးရှိတယ်၊ ကောင်းမွန်တဲ့ဘက်ကို ဦးတည်လိုတဲ့ သဘောရှိတယ် ဆိုတဲ့ ယုံကြည်ချက်ကို အခြေခံထားတာပါ။
ဒီကုထုံးရဲ့ အဓိက focus က client ရဲ့ အတိတ်က အတွေ့အကြုံတွေ ဒါမှမဟုတ် ရောဂါလက္ခဏာတွေကို ကြည့်တာထက် လက်ရှိခံစားနေရတဲ့ ပြဿနာ၊ အတွေ့အကြုံနဲ့ ခံစားချက်တွေကို နားလည်ဖို့ ကြိုးစားတာပါ။
🌼ဒီကုထုံးရဲ့ အဓိကကျတဲ့ အချက်တွေကတော့ မိမိကိုယ်ကို အမှန်အတိုင်း မြင်နိုင်ခြင်း (Self-Actualization), မိမိကိုယ်ကို လက်ခံနိုင်ခြင်း (Self-Acceptance), ရွေးချယ်ပိုင်ခွင့်နဲ့ တာဝန်ယူမှု (Choice and Responsibility) တို့ ဖြစ်ပါတယ်။
🌼Counselor တစ်ယောက်အနေနဲ့ Humanistic Therapy ကို ဘယ်လိုပြုလုပ်ပေးရတယ်၊ ဘာ skills တွေ လိုအပ်တယ်ဆိုတာနဲ့ Developmental Psychology အကြောင်း introduction ကို ဒီသင်တန်းမှာ လေ့လာရမှာဖြစ်ပါတယ်။

👩‍🏫 Instructor / Supervisor
ဒီသင်တန်းကို အတွေ့အကြုံရှိ Psychotherapist တစ်ဦးဖြစ်တဲ့ Craton Highways (Licensed: CSWA, CADC I , USA) မှ မြန်မာ နှင့် အင်္ဂလိပ် (၂) မျိုးလုံးဖြင့် သင်ကြားပေးမှာ ဖြစ်ပါတယ်။

📚 Course 2 Dates:

April 12, Sunday
April 19, Sunday
May 24, Sunday
May 31, Sunday

⌛ Time: 9:30am-11:30am (Myanmar Standard Time)
Platform: Zoom

👥 Paticipants: Minimum 4 to maximum 10 participants (Small Group)
Course Fees : 500,000 MMK ( 250,000 MMK per month)

📩 တက်ရောက်လိုသူများအနေဖြင့် Caltha ရဲ့ page Messenger နှင့် Viber/Telegram no. ဖြစ်တဲ့ 09-940940191 ဆီသို့ ဆက်သွယ်စာရင်းပေးနိုင်ပါတယ်ရှင်။


03/26/2026

ဖွံ့ဖြိုးရေးစိတ်ဓာတ် (Growth mindset) ဆိုတာ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကနေ စွမ်းရည်တွေ တိုးတက်လာနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ပါ။ Growth mindset ဟာ မိမိကိုယ်ကိုတန်ဖိုးထားယုံကြည်မှု (self-esteem) မြင့်တက်လာစေဖို့အတွက် အထောက်အကူပြုနိုင်ပါတယ်။ သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ပုံသေကားချပ်စိတ်ဓာတ် (Fixed mindset) ကျတော့ “စွမ်းရည်တွေဟာ မွေးကတည်းက ပါလာချင် ပါလာမယ်၊ မပါလာချင် မပါလာဘူး” ဆိုတဲ့ အယူအဆမျိုးပါ။

Growth mindset ဟာ စိန်ခေါ်မှုတွေကို အနှောင့်အယှက် အတားအဆီးတွေလို့ မြင်မယ့်အစား သင်ယူလေ့လာစရာတွေ၊ ရှေ့တက်လှမ်းဖို့ မရှိမဖြစ်လိုအပ်တဲ့ အခွင့်အလမ်းတွေလို့ မြင်တာမျိုးပါ။

ဒီနည်းလမ်းလေးတွေနဲ့ growth mindset ကို အသက်အရွယ်မရွေး ပျိုးထောင်နိုင်ပါတယ်။

🔹 ခက်ခဲတဲ့အခြေအနေတွေကို ရှောင်မနေဘဲ ရင်ဆိုင်ပါ။ စိန်ခေါ်မှုတွေဟာ ဘဝရဲ့ပုံမှန်အစိတ်အပိုင်းတစ်ခုပါ။ ကိုယ့်ရဲ့အားနည်းချက်လို့ မမြင်ပါနဲ့။ ကိုယ့်အတွက် အရမ်း nervous ဖြစ်စေတယ်၊ ခက်ခဲနေတယ်လို့ထင်ရတဲ့အရာတွေဟာ တခါတလေမှာ သိပ်မခက်ခဲဘူးဆိုတာ တကယ်တမ်းလုပ်ကြည့်လိုက်မှ နားလည်လာတာမျိုးပါ။

🔹 အခက်အခဲတွေကို အမြဲတမ်းပြဿနာ (permanent problem) လို့ မမြင်ဘဲ ယာယီနောက်ဆုတ်မှုတစ်ခု (temporary setback) အဖြစ် ချဉ်းကပ်ပါ။ ရှေ့သုံးလှမ်းတိုးဖို့အတွက် နောက်ကိုတစ်လှမ်း ခဏဆုတ်လိုက်တယ်ဆိုတာမျိုး၊ တစ်နာရီခရီးကို ဆက်လျှောက်နိုင်ဖို့ ငါးမိနစ်လောက် ခဏအနားယူလိုက်တယ်ဆိုတာမျိုး တွေးပါ။

တစ်ခါတစ်လေ “ဒီအခြေအနေကို ငါ ကျော်လွှားလို့မရဘူး၊ ဘယ်တော့မှ မကောင်းလာနိုင်တော့ဘူး” လို့ အားလျော့တွေးမိတတ်ကြတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဒီလို အမြဲမဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကို မေးကြည့်ပါ၊ “ဒီဟာက ငါ့အတွက် နောက်တစ်လနေရင် အရေးပါနေဦးမှာလား။ နောက်တစ်နှစ်ဆိုရင်ရော အရေးကြီးနေနိုင်သေးလား”။ အဖြေက အမြဲတမ်း yes လို့ ထွက်လာမှာ မဟုတ်ပါဘူး။ အရင်တုန်းက ပြဿနာတွေ၊ အခက်အခဲတွေကြုံရင်ရော “ငါ ဘယ်လို၊ ဘယ်သူ့အကူအညီနဲ့ ဘယ်လို resources တွေကို ရအောင်ရှာကြံပြီး ဖြေရှင်းကျော်လွှားခဲ့သလဲ” ဆိုတာကို ပြန်စဉ်းစားသတိရပြီး motivation ယူပါ။

🔹 လက်လျှော့မယ့်အစား skills အသစ်တွေ သင်ယူပါ။ မကြိုးစားကြည့်ရသေးတဲ့ နည်းလမ်းတွေ၊ ပုံစံသစ်တွေနဲ့ ထပ်ကြိုးစားကြည့်ပါဦး။ ခက်ခဲတဲ့အချိန်မှာ အားငယ်အရှုံးပေးချင်စိတ်ပေါက်တာ သဘာဝပါပဲ။ အဲ့လိုတွေးမိတိုင်း တကယ်ကြီး လက်လျှော့ပစ်လိုက်စရာမလိုပါဘူး။ “အရှုံးပေးချင်လိုက်တာ” လို့ ပေါ်လာတဲ့အတွေးက သပ်သပ်၊ “နောက်တစ်ဆင့် ဘာဆက်လုပ်ကြမလဲ” ဆိုတာကို ရွေးချယ်ဆုံးဖြတ်တာက သပ်သပ်ပါ။ Thoughts do not equate to reality, actions, or facts. Thoughts are just thoughts.

🔹 စိတ်ခံစားချက်တွေကို ရှောင်မပြေးဘဲ အချိန်အနည်းငယ်ယူပြီး embrace လုပ်ပါ၊ ခံစားပါ။ အမှန်အမှားကို ခွဲခြားဆုံးဖြတ်တဲ့နေရာမှာ ခံစားချက်တွေရှုပ်ထွေးနေချိန် မဆုံးဖြတ်ဘဲ သူတို့ကို အချိန်ပေး process လုပ်ပြီး စိတ်ရှင်းလင်းသွားချိန်ကျမှ ဆုံးဖြတ်သင့်ပါတယ်။ ခံစားနေရတာကို မခံစားရသယောင် ကိုယ့်ကိုယ်ကို ခဏညာလိုက်၊ ဖုံးကွယ်လိုက်လို့ အဲ့ emotions တွေက ဖြုတ်ခနဲ လေထဲပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ Resolved မလုပ်ရသေးမချင်း ပြန်ပြန်ပေါ်နေဦးမှာပါ။

ဒါကြောင့် ကိုယ့်ကို စိတ်မသက်မသာဖြစ်စေတဲ့ ခံစားချက်တွေကိုလည်း ဖိနှိပ်မျိုသိပ်မထားပါနဲ့၊ ဖုံးကွယ်ဟန်ဆောင်မထားပါနဲ့။ ဘာတွေတော့ ဘယ်လိုခံစားနေရတယ်ဆိုတာကို စကားလုံးနဲ့ ပါးစပ်က ဖွင့်ထွက်ပြီးတော့ဖြစ်စေ၊ စာနဲ့ချရေးပြီးဖြစ်စေ၊ ပုံဆွဲ/ဆေးရောင်ခြယ်ပြီးဖြစ်စေ၊ သီချင်း/ဂီတနဲ့ဖြစ်စေ ဖော်ပြ၊ process လုပ်နိုင်ပါတယ်။ အပြည့်အဝ ခံစားကြည့်ပါ။ အဲဒီခံစားချက်နဲ့အတူ ခဏနေပါ။ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုခံစားရလဲ စူးစမ်းလေ့လာပါ။ ပြီးရင် ကိုယ့်ကိုယ်ကို မေးကြည့်ပါ — “ဒီခံစားချက်က ငါ့ကို ဘာပြောနေတာလဲ”။

🔹 အနုတ်လက္ခဏာတွေကို ဇောက်ချမတွေးဘဲ အားသာချက်တွေကို ရှာဖွေပါ။ ဘဝက ပြီးပြည့်စုံတယ်ဆိုတာ မရှိပေမယ့် ခက်ခဲတဲ့အခြေအနေတစ်ခုမှာတောင် အပြုသဘောဆောင်တဲ့ ရှုထောင့်တစ်ခုကို တွေ့နိုင်ပါတယ်။ ကိုယ်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကနေ ဘာအကျိုးရှိတဲ့အချက်တွေ၊ ဘာအားသာချက်တွေ ရနိုင်မလဲဆိုတာ စဉ်းစားကြည့်ပါ။ ဘယ်ရှုထောင့်က ကိုယ့်အတွက် ပိုအကျိုးရှိမလဲ ပြန်မေးကြည့်ပါ။

Counseling with Craton

Address

Portland, OR

Website

Alerts

Be the first to know and let us send you an email when Counseling with Craton posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share